ဇွန်လ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
သံတောင်မြောက်ပိုင်းအထူးဒေသကာကွယ်ရေးတပ်ဖွဲ့-NTDF ထံသို့ စစ်မှုထမ်းဆောင်ရန် တပ်သားစု ဆောင်းခံရမှုမှ ထွက်ပြေးလာသည်ဟုဆိုလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် အမျိုးသား(၃)ဦး ခိုလှုံလာကြောင်း NTDF သို့ နီးစပ်သည့်သတင်းအရင်းအမြစ်နှင့် ကေအဲန်ယူ တပ်မဟာ(၂)ဘက်မှ သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသမှတဆင့် စစ်ကောင်စီ၏ စစ်မှုထမ်း လူစုဆောင်းခံရမှုမှထွက်ပြေးလာသည်ဟုဆိုကာ NTDF သို့ ရောက်လာသူ အသက် ၂၀ ဝန်းကျင်အရွယ် တပ်ဖွဲ့ဝင် (၃)ဦးကို လက်ခံထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ဟု တပ်မဟာ(၂)ရှိ ခိုင်လုံသော သတင်းအရင်းအမြစ်က ပြောသည်။
“ပြေးလာတာလို့ ကြားတယ်။ အခုတော့ ဦးကိုကြီးအဖွဲ့ဆီရောက်နေတယ်။ သူတို့စစ်မေးနေတုန်းပဲ။ လတ်တလော ထိန်းသိမ်းထားပြီးတော့မှ တပ်မဟာ(၂)ကိုပို့ဖို့ သေချာစစ်ဆေးတဲ့သဘောပါ။ ခိုင်လုံမှုမရှိရင် တော့ဘယ်လို ဆက်လုပ်မလဲမသိဘူး။ သံတောင်မြောက်ပိုင်းအထူးဒေသဂွင်ထဲ ပြေးလာတာဆိုတော့ နည်းနည်းစဥ်းစားစရာရှိတာပေါ့။” ဟု ဒေသခံလည်းဖြစ်သည့် အဆိုပါသတင်းအရင်းအမြစ်က ပြောသည်။
၎င်းတို့မှာ စစ်မှုထမ်းစုဆောင်းခံရအပြီး တာဝန်ထမ်းဆောင်ရသည့် ကာလမကြာသေးသော မန္တလေးတိုင်းဒေသကြီးတွင် နေထိုင်ကြသူများ ဖြစ်သည်ဟု ပြောဆိုလာကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းအရင်းအမြစ်မှ သိရသည်။
NTDF နှင့်နီးစပ်သူ သတင်းအရင်းအမြစ်က “သူတို့ကိုယ်တိုင်က လိပ်သိုထဲမှာနေတဲ့ရွာသား ကယ်ရီသမားတွေကို ဦးကိုကြီးအဖွဲ့ကလူတွေရှိတဲ့ဆီ လိုက်ပို့ခိုင်းတယ်လို့ ပြောတယ်။ လာအဖမ်းခံတဲ့ပုံစံပေါ့။ အဲဒါကြောင့် သူလျှိုလားဘာလား ဆိုတာ စစ်ဆေးနေတာ” ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိတွင် အဆိုပါ တပ်ဖွဲ့ဝင် (၃)ဦး၏အထောက်အထားများအပါအဝင် ၎င်းတို့အားပို့ဆောင်ပေးသူ ဒေသခံများကိုပါ NTDF ဘက်က စုံစမ်းစစ်ဆေးအတည်ပြုနေဆဲဖြစ်ပြီး ခိုလှုံသူမှန်ကန်ပါက လုပ်ထုံးလုပ်နည်းအတိုင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဦးကိုကြီး ဦးဆောင်သော NTDF အဖွဲ့မှာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၂) တောင်ငူခရိုင်ထိန်းချုပ်နယ်မြေအတွင်းရှိ သံတောင်မြောက်ပိုင်းဒေသ လိပ်သိုနှင့်ရေတာရှည်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။
အာဏာသိမ်းကာလအတွင်းတွင် စစ်ကောင်စီနှင့် NTDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ သံတောင်ကြီးမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲ အများအပြားဖြစ်ပွားခဲ့သော်လည်း အထူးဒေသအတွင်းသို့ ခိုလှုံသူမရှိသလောက်နည်းပါးသည်ဟု တပ်မဟာ(၂)တွင် စစ်ရေးလှုပ်ရှားနေသူများက ဆိုသည်။
စစ်ကောင်စီက စစ်မှုထမ်းရန်လူစာရင်းကောက်ခံမှုများ တစ်နိုင်ငံလုံးအနှံ့တရားဝင် စတင်ပြီးသည့် ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း သံတောင်ကြီးမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီက ကျေးရွာများသို့ လှည့်လည်ဝင်ရောက်၍ စစ်မှုထမ်းရန်လူစုဆောင်းခြင်းရှိခဲ့သလို ဘာသာရေးဆရာများကို ခေါ်ယူ၍ စစ်မှုထမ်းကိစ္စ အသိပေးခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သတင်းထွက်ပေါ်ခဲ့ဖူးသည်။
စစ်မျက်နှာပြင်ပိုကျယ်လာသည်နှင့်အညီ တပ်သားလိုအပ်ချက်ကို စစ်မှုထမ်းဥပဒေအောက်မှ ဖြည့်တင်းနေသော စစ်ကောင်စီက ကရင်ပြည်နယ်အပါအဝင် အများအားဖြင့် ၎င်းတို့ထိန်းချုပ်မှုအားကောင်းရာ တိုင်းဒေသ၊ မြို့နယ်၊ ကျေးရွာများတွင် တရားဝင်ဖြစ်စေ တရားမဝင်ဖြစ်စေ တပ်သားစုဆောင်းပြီး စစ်ဖြစ်ရာဒေသများသို့စေလွှတ်မှုများ ရှိနေကြောင်း ဒေသသတင်းမီဒီယာများမှ သိရသည်။
လတ်တလောတိုက်ပွဲများပြင်းထန်နေသည့် ကေအဲန်ယူထိန်းချုပ်ရာ ဒူးပလာယာခရိုင်၊ မြိတ်-ထားဝယ်ခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့တွင်လည်း ယခု ၂၀၂၅ ခုနှစ်အတွင်း လက်နက်နှင့်တကွ ကေအဲန်ယူထံ ဘက်ပြောင်းခိုလှုံ လာသူများရှိခဲ့ပြီး အများစုမှာ စစ်မှုထမ်းစုဆောင်းခံရရာမှ ထွက်ပြေးလာသူများဖြစ်သည်ဟု ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ထားသည်။
စစ်ကောင်စီက တရားဝင်ထုတ်ပြန်ထားသည့် စစ်မှုထမ်းရန်အကျုံးဝင်သူများစာရင်းတွင် အမျိုးသား ၆ ဒသမ ၃ သန်းနှင့် အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းနီးပါးရှိနေသည်။ ထို့အပြင် စစ်မှုထမ်းသင်တန်း တစ်ပတ်စဥ်လျှင် လူဦးရေ ၅၀၀၀ ခေါ်ယူမည်ဟု ကြေညာထားရာ ယခု ဇွန်လတွင် အပတ်စဥ်(၁၄)အထိ ရှိခဲ့ပြီဖြစ်သည်။



















