Home သတင်း ဘီးလင်း လေးကေစခန်းသို့ စစ်ကောင်စီ စစ်ကူစစ်ကြောင်း ရောက်ရှိသွား

ဘီးလင်း လေးကေစခန်းသို့ စစ်ကောင်စီ စစ်ကူစစ်ကြောင်း ရောက်ရှိသွား

875

ဇွန် ၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ (သထုံခရိုင်)၊ တပ်မဟာ(၁) ထိန်းချုပ်နယ်မြေတွင် ပိန္နဲတော စစ်ကောင်စီတပ်စခန်းမှတစ်ဆင့် စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းသည် ဇွန် ၄ ရက်နေ့ ညနေပိုင်းတွင် ဘီးလင်းမြို့နယ်၊ လေးကေစခန်းသို့ ရောက်ရှိသွားသည်ဟု မြေပြင် KNLA တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် အင်အား ၁၀၀ နီးပါးခန့်ရှိကာ ပိန္နဲတော စခန်းမှတစ်ဆင့် ပြီးခဲ့သည့် မေ ၂၉ ရက်နေ့ မှစ၍ ခြေလျင်ခရီးဖြင့် တောတွင်းလမ်းများကို အသုံးပြု စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ယခုလို စစ်ကူအင်အား ဖြည့်ရမည့် လေးကေစခန်းသို့ ရောက်ရှိသွားခြင်း ဖြစ်သည်ဟု နယ်မြေခံ KNLA တာဝန်ရှိသူထံမှ သိရသည်။

“အဓိက သူတို့လေးကေအနောက်ဘက်ကနေ လေးဖာထော(တောင်အမြင့်)ဘက်ကို ကျော်ပြီး တက်လာတာ။ သူများ မထင်မှတ်တဲ့ လမ်းကြောင်းကနေ ဝင်လာတော့ရောက်သွားတယ်။ သူတို့က လူလဲဖို့ လာတာဖြစ်မယ် ဝင်းတာပန်တစ်ဝက် လေးကေကို တစ်ဝက်ပေါ့။ ဝင်းတာပန်ဘက် ပြန်ဝင်ရင်လဲ လမ်းအတိုင်းတော့ မရဘူး။ တောတောင်ကို ဖြတ်ပြီးတော့ဘဲ သွားမှာ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီ စစ်ကူစစ်ကြောင်းသည် ခြေလျင်ခရီးဖြင့် လာရောက်စဉ် ၎င်းတို့ လမ်းကြောင်းအား သတင်း ပေါက်ကြားမည်ကို စိုးရိမ်သည့်အတွက် တောတွင်း အင်ဥသွားကောက်သူ ပိန္နဲတောအလယ်ရွာနေ ဒေသခံ တစ်ဦး ကို လမ်း၌တွေ့ဆုံစဉ် ဖမ်းဆီးသတ်ဖြတ်ခဲ့ သေးသည်။

လေးကေနှင့် ဝင်းတာပန် တပ်စခန်းထံရှိ စစ်ကောင်စီ တပ်ဖွဲ့များသည် စစ်ရေးလှုပ်ရှားမှု မလုပ်နိုင်သလို ရိက္ခာ လည်း သယ်ဆောင်ခွင့်မရသည့်အတွက် လူထုထံမှတစ်ဆင့် ဖြတ်ယူနေသည့် အခြေအနေရှိကာ စခန်း ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီတပ်ဘက်မှ အပြင်းအထန် ကြိုးစားနေခြင်း ဖြစ်သည်။

ထို့ပြင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO၊ တပ်ရင်း(၁)ကလည်း လေးကေနှင့် ဝင်းတာပန်စခန်းနှစ်ခုရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ပြီး ထွက်ခွာပေးရန် ပြီးခဲ့သည့် ဧပြီလ ကတည်းက သတိပေးစာထုတ်ပြန် ပြောဆို ထားသော်လည်း လက်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လေးကေစခန်းကို မစွန့်ခွာသည့်အပြင် အင်အား ထပ်မံတိုးချဲ့လာခြင်း ဖြစ်သည်ဟု သိရသည်။