Home သတင်း မူတြော်ခရိုင်တွင် ၆ လ အတွင်း တပ်ရင်းမှူးအဆင့်အပါအဝင် စစ်အုပ်စုတပ်ဖွဲ့ဝင် (၂၀၀) ကျော် ‌သေဆုံး

မူတြော်ခရိုင်တွင် ၆ လ အတွင်း တပ်ရင်းမှူးအဆင့်အပါအဝင် စစ်အုပ်စုတပ်ဖွဲ့ဝင် (၂၀၀) ကျော် ‌သေဆုံး

17
Photo: Crd.

နိုဝင်ဘာ (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၅)၊ မူတြော်ခရိုင်၊ ဖာပွန်မြို့သို့ စစ်အုပ်စု ထိုးစစ်ဆင်လာသည့် ခြောက်လတာ ကာလအတွင်း စစ်အုပ်စုတပ်ဖွဲ့ဘက်က တပ်ရင်းမှူးအဆင့် အရာရှိ(၂)ဦး အပါအဝင် (၂၀၈) ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူက နိုဝင်ဘာ(၁)ရက်နေ့တွင် ထုတ်ပြန်သည်။

မေလ (၅) ရက်နေ့မှ စတင်၍ အောက်တိုဘာလ (၃၁) ရက်နေ့အထိ ဖာပွန်ဗျူဟာကုန်းစခန်းသို့ တပ်ကူပေးရန် အင်အားသုံး ထိုးစစ်ဆင်လာသည့် စစ်အုပ်စုနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က သေဆုံးမှုနှင့်ထိခိုက်သေဆုံးသူ အများအပြား ရှိခဲ့ခြင်းဖြစ်သည်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် (၂၀၈)ဦးသေဆုံးခဲ့သည့်အပြင် တပ်ရင်းမှူး(၁)ဦး၊ ဒုတပ်ရင်းမှူး(၁)ဦး၊ တပ်ခွဲမှူး(၄)ဦး၊ ဒုတပ်ခွဲမှူး(၁)ဦး၊ တပ်ကြပ်(၁)ဦးအပါအဝင် (၂၃၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ မူတြော်ခရိုင်၏စာရင်းတွင် ဖော်ပြသည်။

ထို့အပြင် KNLA တပ်မဟာ(၅) လက်‌အောက်ခံ တပ်ရင်းတပ်ဖွဲ့များသည် စစ်‌အုပ်စု၏ လက်နက် (၃၅) လက်၊ ဒရုန်း (၅) စီး ကို သိမ်းဆည်းရမိခဲ့သည့်အပြင် စစ်သုံးမော်တော်ယာဥ် (၁၁) စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့‌သေး‌ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်ဘက်က ထိခိုက်သေဆုံး ရှိ၊ မရှိ အခြေအနေကိုမူ ကေအဲန်ယူက ဖော်ပြထားခြင်းမရှိပါ။

ဒေသခံများပြောပြချက်အရ မူတြော်ဒေသအတွင်းတိုက်ပွဲများတွင် စစ်အုပ်စုသည် ဖာပွန်-ကမမောင်း လမ်းကြောတစ်လျှောက်ရှိ လူထုနေထိုင်ရာကျေးရွာများကို လက်နက်ကြီးနှင့်လေကြောင်း တိုးမြှင့်ပစ်ခတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်းများလည်း လုပ်ဆောင်ခဲ့ခြင်းရှိသည်။

ယင်းကြောင့် ခြောက်လတာအတွင်း ဒေသခံ(၇)ဦးသေဆုံးကာ (၄၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်ပေါင်း(၄၅၈)လုံး၊ စာသင်ကျောင်း(၃)ကျောင်း၊ ဘာသာရေးအဆောက်အအုံ (၉)ခု ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ကေအဲန်ယူထံမှ သိရသည်။

လတ်တလော ရွာ(၁၉)ရွာရှိ လူဦးရေ(၅၄,၅၂၁)ဦးမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်ဟု မူတြော်ခရိုင်၏စာရင်း၌ ထည့်သွင်းဖော်ပြထားသည်။

နောက်ဆုံးရရှိထားသည့်အချက်အလက်များအရ အဆိုပါ စစ်အုပ်စု စစ်ကြောင်းမှာ ဒွယ်လိုးမြို့နယ်၊ ကတိုင်တိအုပ်စု၊ ဆင်စွယ် (ထီးကဆောမဲ) ရွာသို့ ရောက်ရှိနေသည်။ ထိုနေရာတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာနေဆဲဖြစ်၍ ကျေးရွာ (၆၀) ကျော်ထက်မနည်းရှိ ဒေသခံလူထုများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု မူတြော်ခရိုင်၏ ထုတ်ပြန်ချက်အရ သိရသည်။