နိုဝင်ဘာ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဒူးသထူ(သထုံ) ခရိုင်၊ တပ်မဟာ (၁) နယ်မြေ၊ ဘီးလင်းမြို့နယ်ရှိ ရွှေတူးဖော်ရေးလုပ်ငန်းခွင်များကို စစ်အုပ်စုက ယမန်နေ့ နိုဝင်ဘာလ (၈) ရက်နေ့က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အလုပ်သမား (၁) ဦးသေဆုံးပြီး (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အုပ်စုသည် လေယာဥ်ဖြင့် ပတံတောင်ကျေးရွာရှိ ရွှေမျောလုပ်ကွက်များကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်၍ အဆိုပါနေရာတွင် အလုပ်လုပ်ကိုင်နေသူ (၁) ဦး သေဆုံးကာ (၆) ဦး ဒဏ်ရာရရှိသွားသည်။
“မနေ့က ပတံတောင် ရွှေမျောလုပ်ကွက်ကို လေယာဉ်နဲ့ လာကြဲသွားတာ။ အဲဒီမှာ ရွှေမျောလုပ်ကွက်တွေ အများကြီးရှိတယ်။ ဒေသခံ အလုပ်သမားတစ်ယောက် သေသွားတယ်။ သူက ဘက်ဟိုးကားမောင်းတဲ့လူ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကတော့ ရွှေတူးနေတဲ့သူတွေ” ဟု ဘီလင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထိုနေ့တစ်ရက်တည်း၊ နေ့လည် ၁၁ နာရီကျော်အချိန်မှာပင် အစူးချောင်းကျေးရွာအုပ်စုရှိ ဝကတိုင်နှင့် ညောင်တွဲလှဲ ကျေးရွာဝန်းကျင်ရှိ ရွှေမျောလုပ်ကွက်များ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ခံခဲ့ရသေးကြောင်းလည်း နောက်ထပ် ဘီးလင်းဒေသခံ အမျိုးသမီးတစ်ဦးပြောပြချက်အရ သိရသည်။
၎င်းအမျိုးသမီးက “၁၁ နာရီကျော်လောက်မှာ ဂျက်လေယာဉ်က ဝကတိုင်နဲ့ ညောင်တွဲလှဲမှာရှိတဲ့ ရွှေလုပ်ကွက်ကို သွားကြဲတယ်။ နှစ်ခါသွားကြဲတယ်ဆိုတော့ ထိတာပေါ့။ အဲဒီမှာ သွားကြဲပြီးတော့ ကျိုက်ထိုအနောက်ဘက်ခြမ်း ကျောက်ဖျာကျောင်းကို ထပ်ပြီး ပြန်လာကြဲတယ်လို့ သိရတယ်” ဟု ကေအိုင်စီကို ပြောသည်။
ယခုနှစ်အတွင်း စစ်အုပ်စုသည် ဘီးလင်းမြို့နယ်အတွင်းရှိ ရွှေတူးဖော်ရေးလုပ်ကွက်နေရာများကို ပစ်မှတ်ထားတိုက်ခိုက်မှု သိသိသာသာ လုပ်ဆောင်လာသည်။
ထိုအထဲတွင် ဘောပေါ်ထာ၊ ခလယ်လော်ဆယ်၊ ဝကတိုင်၊ ဝါလေ၊ ညစူထ၊ ပတံတောင်ရွာ၊ နတ်ကြီးတံတား အထက်၊ အောက်နေရာများနှင့် ရွှေလောင်းအင်းရွာရှိ ရွှေတူးဖော်ရေးလုပ်ငန်းခွင်နေရာများ ပါဝင်သလို ယင်းနေရာများ၌ ပြီးခဲ့သည့် ဇွန်လအတွင်း စစ်အုပ်စုက သုံးရက်ဆက်တိုက် လေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အလုပ်သမား (၁) ဦး သေဆုံးကာ (၅) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
အလားတူ ပြီးခဲ့သည့် မတ်လတုန်းကလည်း ဘီးလင်းမြို့နယ်၊ ဝင်းကလေးကျေးရွာအနီးရှိ ရွှေမျောလုပ်ကွက်ကို စစ်အုပ်စုက လေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အလုပ်သမား ဒေသခံများအပါအဝင် တရုတ်နိုင်ငံသားအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။


















