Home သတင်း ဗြိတိန်၏ စစ်အုပ်စုအပေါ် ပိတ်ဆို့မှုအသစ်ကို ကြိုဆိုပြီး နိုင်ငံပိုင်ဘဏ်များကိုပါ ပိတ်ဆို့ရန် Burma Campaign UK တိုက်တွန်း

ဗြိတိန်၏ စစ်အုပ်စုအပေါ် ပိတ်ဆို့မှုအသစ်ကို ကြိုဆိုပြီး နိုင်ငံပိုင်ဘဏ်များကိုပါ ပိတ်ဆို့ရန် Burma Campaign UK တိုက်တွန်း

6
Photo crd: Reuters, UK

နိုဝင်ဘာ (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာစစ်အုပ်စုအပေါ် ဗြိတိန်အစိုးရက နှစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်ချမှတ်ခြင်းကို ကြိုဆိုပြီး စစ်အုပ်စု၏ ငွေကြေးစီးဆင်းမှုကို ဖြတ်တောက်နိုင်ရေး စီးပွားရေးကဏ္ဍနှင့် နိုင်ငံပိုင်ဘဏ်များကို ပိတ်ဆို့အရေးယူရန် Burma Campaign UK က ယမန်နေ့ နိုဝင်ဘာလ (၂၃) ရက်တွင် ထုတ်ပြန်တိုက်တွန်းသည်။

မြန်မာစစ်အုပ်စုအပေါ် ရေရှည်ဖိအားပေးသွားမည့် ကတိကဝတ်နှင့်အတူ လေယာဉ်ဆီ ပိတ်ဆို့အရေးယူမှု၊ စစ်ခေါင်းဆောင် (၅) ဦးအပေါ် အရေးယူမှု၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတစ်ဆင့် အရေးယူနိုင်ရေး ကြိုးပမ်းမှုနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ အနည်းငယ်တိုးမြှင့်ပေးမည့် အစီအစဥ်များကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အက်ဒ်မီလီဘန်း က ဗြိတိန်ပါလီမန်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။

သို့သော် လူပုဂ္ဂိုလ်တစ်ဦးချင်းအပေါ် ခရီးသွားလာခွင့်နှင့် ဗြိတိန်နိုင်ငံအတွင်းရှိ ပိုင်ဆိုင်မှုထိန်းချုပ်သည့် ပိတ်ဆို့မှုများသည် သင်္ကေတ သဘောသာ ဆောင်နေပြီး အထိရောက်ဆုံးအရေးယူမှုမှာ စစ်အုပ်စုထံ ငွေကြေး၊ လက်နက်နှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများ ရောက်ရှိစေရန် ပံ့ပိုးပေးနေသည့် ကုမ္ပဏီများနှင့် စီးပွားရေးကဏ္ဍများအပေါ် ပိတ်ဆို့ခြင်းဖြစ်ကြောင်း Burma Campaign UK က ထောက်ပြသည်။

ထို့ကြောင့် ဗြိတိန်အစိုးရအနေဖြင့် လက်နက်ဝယ်ယူမှုများအတွက် ငွေကြေးလွှဲပြောင်းရာတွင် အသုံးပြုနေသည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)၊ မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ကို ပိတ်ဆို့အရေးယူရန် အဆိုပါအဖွဲ့က တောင်းဆိုထားသည်။

၎င်းအပြင် လေယာဉ်ဆီသယ်ယူပို့ဆောင်ရေးနှင့် သင်္ဘောအာမခံလုပ်ငန်းများ၊ မြန်မာနိုင်ငံအတွင်းရှိ လေယာဉ်ဆီဆိုင်ရာ အခြေခံအဆောက်အအုံများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူရေးကဏ္ဍတို့ကိုပါ ထည့်သွင်းအရေးယူရန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များအတွက် လူသားချင်းစာနာမှုအကူအညီ ၈၀ ရာခိုင်နှုန်းခန့် ဖြတ်တောက်လျှော့ချခဲ့မှုကို ပြန်လည် ပြင်ဆင်ပေးရန်လည်း Burma Campaign UK က တိုက်တွန်းသည်။

Photo crd: Reuters, UK

ဗြိတိန်အစိုးရသည် ပြည်ပြည်ဆိုင်ရာတရားရုံး-ICJ ၏ မြန်မာနိုင်ငံအပေါ် တရားစီရင်ချက်နောက်ပိုင်း မြန်မာစစ်အုပ်စု၏ အဆင့်မြင့်အရာရှိများဖြစ်သည့် ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ဗိုလ်ချုပ် မြတ်သက်ဦး၊ ဗိုလ်ချုပ် ကျော်စိုးနဲ့ ဗိုလ်ချုပ် ကျော်စွာဦးတို့ကို ဒဏ်ခတ်ပိတ်ဆို့မှုထဲ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ထို့အတူ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်သံမှူးကို နိုင်ငံအတွင်းမှ နှင်ထုတ်ခြင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူရန် စီစဉ်ခြင်းနှင့် မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကိုလည်း ဦးဆောင်လုပ်ဆောင်ခဲ့သည်။

တစ်ဆက်တည်းမှာပင် ဗြိတိန်ပါလီမန် အောက်လွှတ်တော်၌ ရခိုင်အမျိုးသားအဖွဲ့ချုပ် /အာရက္ခတပ်တော်-ULA/AA ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ထည့်သွင်းဝေဖန်ပြောဆိုခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် ဗြိတိန်အစိုးရသည် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီ စတာလင်ပေါင် သန်း(၉၀)မှ (၁၁၀) ဝန်းကျင် နှစ်စဥ်ပံ့ပိုးကူညီမှုရှိခဲ့သည်။ သို့သော် အာဏာသိမ်းပြီးကာစ ကာလများတွင် အကူအညီ၏(၇၃)ရာခိုင်နှုန်းအထိ ဖြတ်တောက်ခြင်းရှိခဲ့သည်ဟု Burma Campaign Uk က ဆိုသည်။