Home တွေ့ဆုံမေးမြန်းခန်း ကေအဲန်ယူ(ဗဟို) သစ်တောဌာန၏ ဌာနမှူး ပဒိုမန်းဘထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း။

ကေအဲန်ယူ(ဗဟို) သစ်တောဌာန၏ ဌာနမှူး ပဒိုမန်းဘထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း။

5

ကေအဲန်ယူ(ဗဟို) သစ်တောဌာန၏ ဌာနမှူး ပဒိုမန်းဘထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများရှိ ရေဦးရေဖျား ဒေသ ဖော်ထုတ်ထိန်းသိမ်းနေပုံ၊ ခေတ်ကာလအခြေအနေအရ အကောင်အထည်ဖော်နိုင်မှု စိန်ခေါ်ချက်များ၊ ရေဦးရေဖျားဆိုင်ရာအခန်းကဏ္ဍအတွင်း ဌာနလူမျိုးစုများ ပါဝင်မှု စသည်တို့ကို သိရှိနိုင်ရန် ကေအဲန်ယူ(ဗဟို) သစ်တောဌာန၏ ဌာနမှူး ပဒိုမန်းဘထွန်းကို ကေအိုင်စီက တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ရေဦး‌ရေဖျား ဆိုတာ ဘာလဲ။
ဖြေ။ ရေဦးရေဖျားဆိုတာ မြစ်ချောင်းတွေရဲ့ စတင်ရာ အဖျား၊ ရေအလုံးအရင်းရဲ့ စတင်ရာ အခြေအမြစ် ဖြစ်ပါတယ်။

မေး။ ရေဦးရေဖျားနဲ့ ရေဝေရေလဲနဲ့ က ဘယ်လိုကွာခြားမှုရှိပါသလဲ။
ဖြေ။ ရေဦးရေဖျားဆိုတာ ရေရဲ့အခြေအမြစ်ရှိရာ နေရာတွေ ဥပမာ fountain တို့လို နေရာကို ခေါ်တာပါ။ ရေဝေရေလဲကတော့ မြစ်ဝှမ်းချောင်းဝှမ်းလို့ပဲ ခေါ်ရမှာပေါ့။ မြစ်ဝှမ်းချောင်းဝှမ်းလို့ပြောရင် အဓိပ္ပါယ် ကျယ်ပြန့်တယ်။ အဲဒါတော့ ရေအရင်းအမြစ် ဖြစ်တည် ထိန်းသိမ်းရာ နေရာဖြစ်တယ်။ အဲဒါကို ရေဝေရေလဲလို့ ခေါ်တယ်။ ရေဦးရေဖျားကျတော့ ရေနဲ့အဖျားပါဘဲ။

မေး။ ကေအဲန်ယူ နယ်မြေတွေမှာ ရေဦးရေဖျားဧရိယာ ဘယ်လိုသတ်မှတ်သလဲ၊ တာဝန်တွေ ဘယ်လိုခွဲဝေလုပ်ဆောင်နေသလဲ။
ဖြေ။ အရင်တုန်းကတော့ ရေဦးရေဖျားထိန်းသိမ်းတဲ့ ကော်မတီက ဗဟိုအဆင့်မှာ ရှိမှာဖြစ်ပြီး သက်ဆိုင်တဲ့ ဌာနတွေပါဝင်ကာ ခရိုင်၊ မြို့နယ်၊ ကျေးရွာအဆင့်လည်း ပါဝင်မှာဖြစ်တယ်လို့ ကျနော်တို့ စဉ်းစားထားတယ်။ ဒါပေမဲ့ လက်ရှိမှာ ကျနော်တို့ ပြန်တွေးတာကတော့ သစ်တောနယ်မြေအတွင်းမှာရှိတဲ့ ရေအရင်းအမြစ်တွေကို သစ်တောဌာနကပဲ တိုက်ရိုက်တာဝန်ယူမှာဖြစ်တယ်။ အဲဒါကြောင့် ဗဟိုအဆင့် ကော်မတီတော့ မရှိဘူး။ ခရိုင်၊ မြို့နယ် အဆင့်မှာလည်း မရှိဘူး။ ကျေးရွာအဆင့်ပဲ ရှိမှာဖြစ်တယ်။ သစ်တောဌာနက တဆင့်ဆီ တိုက်ရိုက် အုပ်ချုပ်စီမံမှာဖြစ်တယ်။ ဒါပေမဲ့ ဗဟိုကတော့ ရေဦးရေဖျားနဲ့ ပတ်သက်ပြီး စနစ်လမ်းစဉ်တွေ ချမှတ်ထားကာ ပံ့ပိုးတတ်တဲ့ တတ်သိပညာရှင်တွေကိုလည်း ရှာထားပြီးဖြစ်တယ်။ တကယ် အုပ်ချုပ်စီမံတာကတော့ အောက်ကပဲဖြစ်ပါတယ်။

မေး။ စီမံချက်တွေအပေါ်မှာ လက်တွေ့ အကောင်အထည်ဖော်နိုင်မှု ဘယ်လောက်ရှိသလဲ၊ ဘာကြောင့်လဲ။
ဖြေ။ ကျနော်တို့က စီမံချက်တွေ ချမှတ်ထားပါတယ်။ ဒါပေမဲ့ ချမှတ်ထားတဲ့ စီမံချက်တွေက လျှင်မြန်စွာ အကောင်အထည် မပေါ်လာပါဘူး။ အဲဒါက ဘာကြောင့်လဲဆိုတော့ ရေဦးရေဖျားရှိတဲ့ ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသခံ ပြည်သူတွေက ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ပြောရရင် ဒေသအခြေအနေကြောင့် ဖြစ်ပါတယ်။ နောက်တချက်ကတော့ ကျနော်တို့ ဘယ်လောက်အထိ ပြီးမြောက်အောင် လုပ်မလဲဆိုတာကို ကျနော်တို့ စီမံချက် ချမှတ်ထားတာ တစ်နှစ်ရှိပြီ။ အဲဒါကြောင့် ကျနော်တို့ရဲ့ တာဝန်ရှိသူတွေ ဒီထပ် ကြိုးစားအားထုတ်ဖို့ လိုသေးတယ်။ ပြည်သူတွေရဲ့ သိရှိနားလည်မှုကလည်း နည်းပါသေးတယ်။ နောက်တချက်ကတော့ ကျနော်တို့ သင်တန်းတွေ လုပ်မယ်ဆိုရင်လည်း ငွေကြေးလိုအပ်ပါတယ်။ ငွေကြေးအင်အား မလုံလောက်မှုကလည်း ကျနော်တို့ ဖြစ်ချင်သလို မြန်မြန်ဖြစ်မလာစေတဲ့ အဟန့်အတားတခု လို့လည်း ဆိုလို့ရပါတယ်။

မေး။ ဘယ်လိုနည်းစနစ်တွေနဲ့ ရေအရင်းအမြစ်နဲ့ ရေဦးရေဖျား ဂေဟစနစ် မပျက် အောင် ထိန်းသိမ်း နေသလဲ။
ဖြေ။ ပထမအချက်ကတော့ လူထုအခြေပြု ရေဦးရေဖျားထိန်းသိမ်းရေး ကော်မတီ ကို ဖွဲ့ရမှာဖြစ်တယ်။ အဲဒီ ကော်မတီက ဘယ်လို စီမံဆောင်ရွက်ရမလဲဆိုတာ သူတို့ကို သင်တန်းပေးရမယ်။ ဂေဟစနစ် ထိန်းသိမ်းရေး နည်းလမ်းတွေလည်း ရှိပါတယ်။ ပြီးတော့ စီမံဆောင်ရွက်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကိုလည်း ချမှတ်ထားရမှာ ဖြစ်ပါတယ်။ ထိန်းသိမ်းတဲ့ နည်းလမ်းတွေတော့ အများကြီးရှိပါတယ်။ ပြီးတော့ ကျနော်တို့က နယ်မြေတွေကို သတ်မှတ်ထားပါတယ်။ သတ်မှတ်ပြီးရင် သတိပေးဆိုင်းဘုတ်တွေ ထောင်ထားရမှာဖြစ်တယ်။ အဲဒါမှ လူအများက ဒီနေရာဟာ ရေဦးရေဖျားနယ်မြေလို့ သတ်မှတ်ထားပြီဖြစ်တယ်ဆိုတာကို သိရှိမှာဖြစ်တယ်။ ရှေးယခင်က ဌာနေတိုင်းရင်းသားတွေ ရေဦးရေဖျားကို ဘယ်လိုထိန်းသိမ်းဆောင်ရွက်လဲဆိုတဲ့ဟာကို ကျနော်တို့ လက်ကိုင်ထားပါတယ်။ နောက်တချက်ကတော့ လုပ်ငန်းနည်းလမ်းအတိုင်း သစ်ပင်စိုက်တာနဲ့ ထိန်းသိမ်းရေး နည်းလမ်းတွေကို ချမှတ်ထားပါတယ်။ နောက်စီမံချက်ကတော့ ဆောက်လုပ်ရေးနည်းပညာနဲ့ ထိန်းသိမ်းတာ ပေါ့နော်။ ဥပမာ ရေဖျားက ပိုကောင်းလာအောင် အင်္ဂတေနဲ့လုပ်တာတို့၊ သစ်တွေ ကွန်ဒိုလိုင်းတွေနဲ့ ကာထားတာ တို့ အဲဒီလို စီမံထားတာတွေ ရှိပါတယ်။

မေး။ လက်ရှိခေတ်ကာလအ‌ခြေအနေအရ ရေဦးရေဖျား ဧရိယာကို ထိန်းသိမ်းဖို့၊ ရေအရင်းအမြစ် ကောင်းအောင်လုပ်ဖို့နေရာမှာ ဘယ်လိုစိန်ခေါ်မှုတွေကြုံနေရသလဲ။
ဖြေ။ လက်ရှိမှာ သစ်တောတွေ ပိုမိုလုံလောက်လာဖို့ လိုအပ်တယ်။ လက်ရှိမှာဆို ကျနော်တို့ မသတ်မှတ်ရသေးတဲ့ နေရာတွေမှာ ဒေသခံတွေက သစ်သွားခုတ်တာတို့ ရှိပါတယ်။ သစ်အနည်းငယ်ကို စီးပွားဖြစ်ခုတ်ရောင်းကြတာတွေလည်း ရှိတယ်။ အဲဒီလို စိန်ခေါ်မှုတွေ ရှိတာပေါ့။ နောက်တခုက တချို့နေရာ တွေမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေ များတယ်။ အဲဒါကြောင့် တခုခုဖြစ်လာရင် စိန်ခေါ်မှုလည်း ဖြစ်လာတယ်။ နောက်တခုက တိုက်ပွဲဖြစ်တဲ့အချိန်မှာ ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်ကြရတော့ ရေးဦးရေဖျားကို သူတို့ကိုယ်တိုင် စီမံထိန်းသိမ်းဖို့ရန် အားလုံးစုပေါင်းလုပ်ကြဖို့ မလွယ်ဘူး။

မေး။ ရေဦးရေဖျားဧရိယာတွေကို ထိန်းသိမ်းဖို့ ဘာကြောင့်အရေးကြီးတာလဲ၊ ဌာနေလူမျိုးစုတွေကို ပေးချင်တဲ့ သတင်းစကားကဘာလဲ။
ဖြေ။ ကျနော်တို့ ကရင်တွေဟာ ထုံးတမ်းစဉ်လာအရာ ရေဦးရေဖျားနဲ့ သစ်တောတွေကို တန်ဖိုးထားကြတယ်။ ဒါပေမဲ့ ယခုခေတ်မှာတော့ ရှောင်ရန်ဆောင်ရန် အယူတွေ နည်းပါလာတယ်။ အဲဒါကြောင့် ရေဦးရေဖျားနဲ့ သစ်တောတွေကို တန်ဖိုးထားတာတွေ နည်းပါးလာတယ်။ အဲဒါကြောင့် သူတို့ကို သတင်းစကားပါးချင်တာကတော့ သူတို့တွေအနေနဲ့ ရှေးဘိုးဘေးတွေ ကျင့်သုံးခဲ့တဲ့ ဆောင်ရန်ရှောင်ရန်တွေ၊ မိန့်မှာချက်တွေကို ပြန်လည် ရှင်သန်စေရမှာ ဖြစ်တယ်။ ရှေးဌာနေအသိပညာတွေ ပြန်လည်ရှင်သန်လာစေဖို့ ပြည်သူတွေသာမက တာဝန်ရှိသူတွေကပါ တိုက်တွန်းပေးရမှာဖြစ်တယ်။

မေး။ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါ။
ဖြေ။ လက်ရှိမှာတော့ အခြေအနေအမျိုးမျိုးကြောင့် ကျနော်တို့ရဲ့ ရေဦးရေဖျားတွေက ပျက်စီးကုန်တယ်။ အဲဒါက နေရာတိုင်းမှာ ဖြစ်နေတယ်လို့ ကျနော်တို့ပြောလို့ရတယ်။ ပထမဦးဆုံး ပျက်စီးတဲ့အချက်ကတော့ မိရိုးဖလာ ထုံးတမ်းစဉ်လာအရ ထိန်းသိမ်းရှောင်ကြည်မှုတွေ မရှိတော့တာ၊ နောက်တခုကတော့ ဒီက ဒေသခံတွေက စစ်ပွဲတွေကြောင့် ရေဖျားရှိရာဒေသဆီ ထွက်ပြေးတိမ်းရှောင်ကြရတယ်။ အဲဒီမှာ နေတာကြာလာတော့ အဲဒီ ရေဖျားဒေသမှာပဲ နေစရာတွေ ဆောက်လုပ်တယ်။ ပြီးတော့ သူတို့က သစ်တောအရင်းအမြစ်တွေကို အများကြီး ခုတ်ဖြတ် သုံးစွဲကြတာရှိတယ် မြေတူးတာတွေလည်း လုပ်ကြတယ်။ ပြီးတော့ နှစ်တိုင်း မီးလောင်တယ်။ မီးလောင်မှုကြောင့် သစ်တောနဲ့ ရေဦးရေဖျားတွေကို ထိခိုက်ပျက်စီးစေတယ်။

တောမီးလောင် ရတဲ့ အကြောင်းအရင်း အမျိုးမျိုးရှိတယ်။ တချို့က အမဲလိုက်တဲ့နေရာမှာ လွယ်ကူဖို့ တောမီးရှို့ကြတာတွေ ရှိတယ်။ မြန်မာစစ်စခန်းတွေက နှစ်တိုင်းရှို့ကြတယ်။ ဒါ့အပြင် မီးတွေက ရေဦးရေဖျား သစ်တောတွေဆီ ‌ရောက်တယ်။ နှစ်စဉ်နှစ်တိုင်းပဲ။ အဲဒါကြောင့် ဒါဟာ ထိခိုက်ပျက်စီးမှု ဖြစ်စေတဲ့ အရာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီထက်ကောင်းမွန်လာအောင် လုပ်ဖို့ လူတိုင်းမှာတာဝန်ရှိတယ်။ သစ်တောဧရိယာအတွင်းမှာ ရှိတဲ့ ရေဦးရေဖျားတွေက အဲဒါတွေကြောင့် လျော့နည်းသွားတာဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ရဲ့ သစ်တော တာဝန်ရှိသူတွေက ဒေသခံ ပြည်သူတွေနဲ့ လက်တွဲလုပ်ဆောင်ကြရမယ်။ ကျနော်တို့ရဲ့ ရေဦးရေဖျားတွေ ပိုမိုကောင်းမွန်လာဖို့ အောက်ခြေက အုပ်ချုပ်သူ အဆင့်ဆင့်နဲ့ ကျနော်တို့ရဲ့ အဖွဲ့ဝင်တွေ အပါအဝင် လူတိုင်းမှာ တာဝန်ရှိတယ်။