နိုဝင်ဘာ (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်(ကျားဖြန့်)ဂိုဏ်းများကို စစ်အုပ်စုက ဝင်ဖမ်း၍ သောင်ရင်းမြစ်ကိုကူးပြီး ထွက်ပြေးလာသည့် ကျားဖြန့်အလုပ်သမား(၄၁)ဦးကို ထိုင်းနယ်စပ်ဂိတ်အမှတ်(၁၃)တွင် မဲဆောက်အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ထိုင်းသတင်းများ ဖော်ပြချက်အရ သိရသည်။
ယနေ့(နိုဝင်ဘာ ၂၇ ရက်) မနက်ပိုင်းမှစတင်ကာ နယ်စပ်မဲဆောက်မြို့ဘက်ရှိ (၁၀) ဂိတ်၊ (၁၁) ဂိတ်၊ (၁၃) ဂိတ်နှင့် (၄၆) ဂိတ် နေရာများမှ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုကို ထိုင်းအာဏာပိုင်များက စောင့်ကြည့် စစ်ဆေးနေခြင်းဖြစ်သည်။
နေ့လည်ပိုင်းတွင် မြဝတီမြို့၊ သောင်ရင်းမြစ်နံဘေးရှိ ကျားဖြန့်လုပ်ငန်းများကို စစ်အုပ်စုက ဝင်ရောက်ဖမ်းဆီးရာ ကမ်းကူးထွက်ပြေးလာသည့်ထဲမှ ၎င်းကျားဖြန့်အလုပ်သများ(၄၁)ဦးကို အာဏာပိုင်များက ဖမ်းမိသွားခြင်းဖြစ်သည်ဟု (၁၁) ဂိတ်တွင် ကုန်အတင်အချလုပ်နေသည့် မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။
“ဟန်စိမ်းကျားဖြန့်က လူတွေ (၁၃) ဂိတ်ဘက် ရေထဲကနေ ဖြတ်ကူးလာကြတာ။ ရှမ်း(ထိုင်း)စစ်တပ်နဲ့ တောမောင်းတွေ မိသွားတယ်။ မိတဲ့အထဲမှာ မြန်မာတွေရော တရုတ်တွေရော ပါတယ်။ တစ်ခြားနေရာတွေပြေးတဲ့သူတွေကတော့ မမိသေးဘူး” ဟု ၎င်းမြန်မာနိုင်ငံသားက ပြောသည်။

အာဏာပိုင်များ ဖမ်းဆီးရမိသူ ကျားဖြန့် (၄၁) ဦးတွင် အမျိုးသား (၂၇) ဦးနှင့် အမျိုးသမီး (၁၄) ဦး ပါဝင်သည်။ ၎င်းတို့ကို တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (တောမောင်း) အချုပ်ဆောင်သို့ လွှဲပြောင်းပေးအပ်ကာ စစ်ဆေးပြီးနောက် ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေများအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ထိုင်းသတင်းများက ဖော်ပြသည်။
ထိုသို့ အဖမ်းအဆီးများ ဖြစ်ပွားအပြီး ယနေ့ ညနေပိုင်းတွင် သောင်ရင်းမြစ်ကမ်းကူးဂိတ်များရှိရာ မဲဆောက်မြို့၊ ဝါးစကင်းရပ်ကွက်ရှိ အများပြည်သူသွားလာသည့်လမ်းမများပေါ်၌ အာဏာပိုင်များက ဂိတ်ချစစ်ဆေးနေကြသည်။
အဓိကအားဖြင့် မြဝတီမြို့ဘက်မှ ကျားဖြန့်အလုပ်သမားများ မဲဆောက်မြို့ဘက်သို့ တရားမဝင် ကမ်းကူးဝင်ရောက်လာမှုကို စစ်ဆေးဖမ်းဆီးရန်ဖြစ်သည်ဟု နီးစပ်သည့်သတင်းအရင်းအမြစ်က ပြောသည်။


















