နိုဝင်ဘာ (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီနယ်စပ်ဘက်ကတိုက်ပွဲကြောင့် လက်နက်ကျည်ထိခိုက်နစ်နာမှုရှိခဲ့သည့် ထိုင်းနိုင်ငံ၊ မယ့်ကိုကင်းရွာကဒေသခံများကို ထောက်ပံ့၊ လျှော်ကြေးငွေ ပေးရန် ထိုင်းအာဏာပိုင်များက ယမန်နေ့၊ နိုဝင်ဘာ(၄)ရက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မယ့်ကိုကင်းရွာနေ မြန်မာပြည်သားအသိုင်းအဝိုင်းမှ သိရသည်။
မယ့်ကိုကင်းကျေးရွာတွင် ဘန်ကာများ၊ ဗုံးခိုကျင်းများ တည်ဆောက်ပေးရန်၊ လက်နက်ကြောင့် ထိခိုက်နစ်နာခဲ့ရသူများကို လျှော်ကြေးပေးရန် ပါဝင်သော အချက်(၅)ချက်ကို ပြီးခဲ့သည့် အောက်တိုဘာ (၂၇) ရက်နေ့က ရွာခံ ၂၀၀ ကျော်မှ ထိုင်းအာဏာပိုင်များသိစေရန် ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြအပြီး ထိုသို့ ကွင်းဆင်းဆောင်ရွက်မှု ရှိလာခြင်းဖြစ်သည်။
“ထိုင်းဌာနဆိုင်ရာလူကြီးတွေ ကျောင်းမှာလာတွေ့တာ။ ရွာသား အိမ်ခြံထိတာတွေအတွက် လျှော်ကြေးပေးမယ်။ လူထိခိုက်တာကိုလည်း ဆေးရုံပြရတဲ့ရက်၊ အထောက်အထားနဲ့ ထောက်ပံ့ကြေးပေးမယ်တဲ့။ ရွာထဲက ကျည်ကျတဲ့ အိမ်တွေရယ် ဒဏ်ရာရတဲ့လူနာအိမ်တွေရယ်ကို လိုက်တွေ့သွားတယ်” ဟု မယ့်ကိုကင်းရွာမှ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူက ပြောသည်။
ထို့အပြင် မယ့်ကိုကင်းရွာရှိ ကျည်ထိမှန်ထားသည့်နေအိမ်များအား ပျက်စီးဆုံးရှုံးမှုအပေါ်မူတည်၍ လျှော်ကြေးပေးရာတွင် တစ်အိမ်ထောင်လျှင် ထိုင်းဘတ် ၈၈,၆၀၀ အများဆုံးထောက်ပံ့မည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုအတွက် သုံးရက်နှင့်အထက် ဆေးကုသမှုခံယူရသူတစ်ဦးလျှင် ဘတ်ငွေ ၅,၀၀၀ ထောက်ပံ့မည်ဖြစ်ကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။

ဒေသခံများ ဘေးကင်းလုံခြုံစွာ ရှောင်တိမ်းခိုလှုံနိုင်ရန်အတွက်လည်း ရပ်ကွက် (၄) ခုတွင် ဗုံးခိုကျင်းနှင့် ခိုလှုံစရာနေရာ (၁၀) ခု တည်ဆောက်ခြင်းနှင့် အရေးပေါ်အချက်ပေးစနစ်များ တပ်ဆင်ပေးမည်ဖြစ်ပြီး စုစုပေါင်း ကုန်ကျနိုင်မည့်ငွေ ဘတ် ၂၃ သိန်းကျော်ကို ထိုင်းအစိုးရထံ တင်ပြတောင်းခံထားသည်ဟု ဆိုသည်။
မြဝတီနယ်စပ်၊ မင်းလက်ပံဘက်တွင်မူ စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဆက်လက်ဖြစ်ပွားလျက် ရှိသည်။
ထို့ကြောင့် ထိုင်းပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် အစီအစဉ်များချမှတ်၍ နယ်စပ်လမ်းပိုင်းတွင် သံချပ်ကာယာဉ်တန်း ကင်းလှည့်သွားလာနေသဖြင့် သတင်းအမှားပျံ့နှံ့ကာ လူထုစိုးရိမ်ထိတ်လန့်မှု မဖြစ်ပေါ် စေရေး ဓာတ်ပုံ၊ ရုပ်သံများ ရိုက်ကူးလွှင့်တင်ခြင်း မပြုလုပ်ရန်လည်း ထိုင်းနယ်ခြားစောင့်စစ်တပ်က သတိပေးထားမြစ်ထားသည်။



















