Home ဆောင်းပါး နိုင်ငံရေးအဆင့်အတန်းနဲ့ နိုင်ငံရေးဆန္ဒတွေကို ၂၀၀၈ အခြေခံဥပ‌ဒေထဲကနေ ရရှိနိုင်ပါ့မလား

နိုင်ငံရေးအဆင့်အတန်းနဲ့ နိုင်ငံရေးဆန္ဒတွေကို ၂၀၀၈ အခြေခံဥပ‌ဒေထဲကနေ ရရှိနိုင်ပါ့မလား

9

နိုင်ငံရေးအဆင့်အတန်းနဲ့ နိုင်ငံရေးဆန္ဒတွေကို

၂၀၀၈ အခြေခံဥပ‌ဒေထဲကနေ ရရှိနိုင်ပါ့မလား

မောင်ကျော်စွာ

(၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်)

နိုဝင်ဘာလဆန်းပိုင်း (နိုဝင်ဘာလ ၁ရက် နဲ့ ၃ရက်မှာ) ဗိုလ်ရာပြည့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မိုင်းလား နဲ့ ပန်ဆန်းကို သွားကြတယ်။ သူတို့တွေ့ဆုံမှုက နေပြည်တော်နဲ့ မိုင်းလား/ပန်ဆန်း တလှည့်စီသွားနေကြတဲ့ပုံပဲ။ (ဗကပ) ခွဲထွက်တွေထဲမှာ သေနတ်ပြန်ပေါက်တာဆိုလို့ ကိုးကန့်အဖွဲ့ပဲ ရှိမယ်ထင်ပါတယ်။

စစ်အုပ်စုနဲ့ ကိုးကန့်အကြားမှာ ၁၉၈၉ နောက်ပိုင်း သေနတ်သံပြန်ပေါက်ကြတာက တစ်ကြိမ်တစ်ခါ မဟုတ် ဘူး။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ မင်းအောင်လှိုင် စစ်အုပ်စုအာဏာသိမ်းပိုက်မှုနောက်ပိုင်း “၁၀၂၇”လို့ အမှတ်အသားပြုကြ တဲ့တိုက်ပွဲစဉ်ကတော့ အကြီးမားဆုံးနဲ့ စစ်အုပ်စုအတွက် အထိအနာဆုံးလို့ ပြောရလိမ့်မယ်ထင်ပါတယ်။

နှိုင်းယှဉ်ချက်အရပြောရမယ်ဆိုရင် (ပွတ်တိုက်မှုတချို့ရှိနေပေမယ့်) မိုင်းလား – ပန်းဆန်းနဲ့ စစ်အုပ်စုအကြား ဆက်ဆံမှုက တည်ငြိမ်တယ်လို့ ပြောရမယ်ထင်ပါတယ်။ မင်းအောင်လှိုင် စစ်အုပ်စုအတွက် အရှေ့မြောက်ဒေသက (ဗကပ) ခွဲထွက်အဖွဲ့တွေ နွေဦးနဲ့ပေါင်းဖက်သွားမှာကိုတော့ အစိုးရိမ်ဆုံးဖြစ်တယ်။ အဲဒီလိုစိုးရိမ်တဲ့အကြားကပဲ ၁၀၂၇ ပေါ်ပေါက်လာခဲ့တာပဲ မဟုတ်ပါလား။ ဒီတော့ အုပ်စိုးသူအဆက်ဆက် ကိုင်စွဲခဲ့တဲ့ ပေါ်လစီအတိုင်း လက်နက်ကိုင်တိုင်း ရင်းသားတွေနဲ့ ဒီမိုကရေစီအရေးအုံကြွမှုကို မဆက်စပ်နိုင်အောင် ဖြစ်နိုင်သမျှနည်းတွေနဲ့ မီးကုန်ယမ်းကုန် တားဆီးဖို့ ဖြစ်တယ်။

အထူးသဖြင့် တားဆီးပိတ်ပင်ရမှာက လက်နက်ခဲယမ်းတွေပဲ။ ခေတ်မီလက်နက်ခဲယမ်းတွေကလည်း အရှေ့ မြောက်နဲ့မြောက်ဖက်က လူမျိုးစုတွေရဲ့လက်ထဲမှာ အရင်းအမြစ်ခိုင်ခိုင်နဲ့ ရှိနေတာမဟုတ်ပါလား။ ဒီတော့ အဲဒီအရင်း အမြစ်တွေနဲ့ နွေဦးမျိုးဆက်သစ်တော်လှန်သူတွေလက်ထဲ အစုလိုက်အပုံလိုက် ရောက်မသွားအောင် တားဆီးပိတ်ပင် ဖို့က စစ်အုပ်စုအတွက် အင်မတန်အရေးပါတဲ့ အရေးကြီးလုပ်ငန်းဖြစ်ပါတယ်။ ထိုင်းနယ်စပ်က “မှောင်ခိုဝယ်ရတာ” ရဲ့ အကန့်အသတ်ကို စစ်အုပ်စုက သိတယ်။ ဒါကြောင့် စစ်အုပ်စုက အရှေ့မြောက်နဲ့ မြောက်ဖက်ကို အလေးထားတယ်။

(ULA/AA) ရဲ့ တိုက်အားနဲ့ လက်နက်ခဲယမ်းကွင်းဆက်ကို ဖြတ်တောက်ပစ်ရေးအတွက်လည်း စစ်အုပ်စုက အရှေ့မြောက်နဲ့ မြောက်ဖက်ကို အလေးထားနေရတယ်။ တိုက်ပွဲပြင်းထန်မှုအရပြောရင် ရခိုင်စစ်မျက်နှာက ၂၀၂၁ခုနှစ် အာဏာသိမ်းပိုက်ပြီးနောက်ပိုင်း စစ်အုပ်စုအတွက် အလူးအလဲခံနေရတဲ့ အဆုံးအရှုံး ကြီးမားများပြားလွန်းတဲ့ စစ်မျက် နှာပဲလို့ ဆိုရမှာပါ။

အဲဒီလို အနေအထားအောက်မှာ ဗိုလ်ရာပြည့်တို့အဖွဲ့ မိုင်းလားနဲ့ပန်ဆန်းကို သွားကြတယ်။ သွားတဲ့ခရီးစဉ်မှာ ဖော်ပြလာတဲ့ စစ်အုပ်စု အာဘော်အချုပ်က “နိုင်ငံရေးအဆင့်အတန်းနဲ့ နိုင်ငံရေးဆန္ဒတွေကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအ ခြေခံဥပ‌ဒေနှင့်အညီ ဆက်လက်ညှိနှိုင်းဆောင်ရွက်ရမယ်” ဆိုတာပါပဲ။

သူတို့ချင်း တွေ့ဆုံပွဲမှာ ဘယ်အတိုင်းအတာအထိ ဆွေးနွေးကြသလဲ မသိနိုင်ပေမယ့် ထုတ်ပြန်ဖော်ပြလာတဲ့ သတင်းထဲက ကောက်နုတ်ဖော်ပြရမယ်ဆိုရင်
အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) အထူးဒေသ(၄)နဲ့တွေ့ဆုံရာမှာ ဗိုလ်ရာပြည့်က အခုလိုပြော ဆိုပါတယ်။
– ယခုနှစ်အတွင်း တတိယအကြိမ် (မိုင်းလား၊ နိုဝင်ဘာ ၁ ရက်) တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊
– အထူးဒေသ(၄) (မိုင်းလား)သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကာ ဒေသခံပြည်သူများသည်လည်း မြန်မာနိုင်ငံသားများဖြစ်ကြောင်း၊
– အထူးဒေသ(၄)၏ နိုင်ငံရေးလိုလားချက်အပေါ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပ‌ဒေနှင့်အညီ ဆက်လက်ညှိနှိုင်း ဆောင်ရွက်ရမည်၊
အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)မှ ဥက္ကဋ္ဌ ဦးထိန်လင်း ဆွေးနွေးချက်ကတော့
– မိမိတို့အား အလေးထားပြီး မိုင်းလားသို့ ဒုတိယအကြိမ် လာရောက်တွေ့ဆုံဆွေးနွေးမှုအတွက် ကြိုဆိုပါ ကြောင်း၊
– ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးခြင်းမှတစ်ဆင့် နိုင်ငံရေးအဆင့်အတန်းကို ဖော်ထုတ်ဆွေးနွေးသွားမည်ဖြစ် ကြောင်း၊
“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ ပန်ဆန်းမှာ တွေ့ဆုံရာမှာ ဗိုလ်ရာပြည့်က အခုလို ပြောဆိုပါတယ်။
– အစိုးရသစ်လက်ထက်တွင် ပန်ဆန်းသို့ ဒုတိယအကြိမ်မြောက် လာရောက်ဆွေးနွေးခြင်းဖြစ်ကြောင်း၊
– “ဝ”ဒေသရှိ ပြည်သူများသည် မိမိတို့တိုင်းရင်းသားလူမျိုးများဖြစ်ပြီး ပြည်ထောင်စုမှ ခွဲမထွက်ဘဲ (၂၀၀၈ခု နှစ်) ဖွဲ့စည်းပုံအခြေခံဥပ‌ဒေကို လိုက်နာဆောင်ရွက်မည်ကို သိရှိရသည့်အတွက် ဝမ်းသာပါကြောင်း
“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဆွေးနွေးတယ်ဆိုတဲ့အချက်ကတော့
– ပြီးခဲ့သည့် ဆွေးနွေးပွဲတွင် မိမိတို့၏ နိုင်ငံရေးဆန္ဒအား ဆွေးနွေးခဲ့ကြောင်း၊ မိမိတို့အနေဖြင့် (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပ‌ဒေကို လေးစားလိုက်နာကာ ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းမှု မူဘောင်အတွင်းမှ ဆောင်ရွက်သွားမည် — တဲ့။

ဒီနေရာမှာ “မိမိတို့အနေဖြင့် (၂၀၀၈ခုနှစ်)ဖွဲ့စည်းပုံအခြေခံဥပ‌ဒေကို လေးစားလိုက်နာကာ ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းမှု မူဘောင်အတွင်းမှ ဆောင်ရွက်သွားမည်” ဆိုတဲ့ ဖွင့်ဟပြောဆိုချက်ကို နှစ်ဖက် လုံးက (စစ်အုပ်စုဖက်နဲ့ မိုင်းလားနဲ့ ပန်ဆန်းတို့ဖက်) သူ့ရှုမြင်ချက်နဲ့သူ၊ သူ့သဘောထားလိုအပ်ချက်နဲ့သူ ကိုယ်စီရည် ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေနဲ့ ဖွင့်ဟလာကြတာဖြစ်မှာပါ။

ဒီလိုပြောနေကြလို့ သူတို့အချင်းချင်း အနှေးနဲ့အမြန် ပြေလည်သွားကြတော့မယ်လို့ တွက်ချက်ယူဆလို့ မဖြစ် နိုင်သေးပါဘူး။ သူတို့အကြားမှာ “(၂၀၀၈ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပ‌ဒေ”နဲ့ပတ်သက်ပြီး နိုင်ငံရေးဆွေးနွေးစရာတွေ အမြောက်အများရှိနိုင်ပါတယ်။ သာဓကအားဖြင့် “ဝ” ရဲ့ နိုင်ငံရေးအဆင့်အတန်းကိစ္စ (၂၀၀၈ အခြေခံဥပဒေကတော့ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း” လို့ဆိုထားပါတယ်) နောက်တစ်ခုက “တပ်”ကိစ္စ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) – (မိုင်းလား)ရဲ့ဆန္ဒဖြစ်တဲ့ “နိုင်ငံရေးအဆင့်အတန်း” ဆိုတာ က ဘယ်လိုမျိုးလဲ။ ဘယ်လိုပုံစံလဲ။ အဲဒါကို ၂၀၀၈ အခြေခံဥပဒေဘောင်ထဲမှာ ဘယ်လိုထည့်သွင်းမှာလဲ စသဖြင့် ဆွေးနွေးစရာတွေ များပါလိမ့်မယ်။

ကျနော် အခိုင်အမာ သတိပြုမိတဲ့အချက်ကတော့ ဒီလို (၂၀၀၈ အခြေခံဥပဒေ) နဲ့ဆက်စပ်ပြီး ဆွေးနွေးမှုတွေ ကို ဖော်ထုတ်လာတာဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၅) ရက်နေ့ (NCA) စာချုပ်လက်မှတ်ရေးထိုးခြင်း (၁၁)နှစ် မြောက်နှစ်ပတ်လည်နေ့အခမ်းအနားမှာ “တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် H.E Mr. Deng Xijun” ရဲ့ ပြောဆိုချက်ဖြစ်ပါတယ်။

အာရှရေးရာအထူးကိုယ်စားလှယ် H.E Mr. Deng Xijun ရဲ့ ပြောဆိုချက်ထဲက အောက်ပါအချက်ကို အရှေ့ မြောက်ဒေသက လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေက အလေးထားပုံပေါ်ပါတယ်။

– “တိုင်းရင်းသားလူနည်းစုများအတွက် အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ရေးပုံစံများကို ရှာဖွေရန်နှင့် ဆွေးနွေးပွဲများ မှတစ်ဆင့် သင့်တော်သောအဖြေများကို ရှာဖွေရန် မျှော်လင့်ပါတယ်။ တရုတ်နိုင်ငံအနေဖြင့် ဤကိစ္စတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်သွားရန် အသင့်ရှိပါတယ်”
ကျနော့်အနေနဲ့ လေးလေးနက်နက် သတိပြုစရာ အတွေ့အကြုံ သို့မဟုတ် သင်ခန်းစာအဖြစ် ညွှန်ပြတိုက်တွန်း လိုတဲ့အချက်ကတော့ နိုင်ငံရေးပါတီမှတ်ပုံတင် – ရွေးကောက်ပွဲဝင်ပြီး – လွှတ်တော်တွင်းနည်းလမ်းနဲ့ ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်လို့ရနိုင်ကောင်းရဲ့ဆိုပြီးဒေါ်အောင်ဆန်းစုကြည်အမှူးပြုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရဲ့ (၂၀၁၂ခုနှစ် ဧပြီကနေ အစပြုပြီး ၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီလ မင်းအောင်လှိုင် စစ်အုပ်စု အာဏာသိမ်းပိုက်မှုနဲ့ အဆုံးသတ် သွားရတဲ့) အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုတဲ့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး လက်တွေ့လှုပ်ရှားမှုပဲ ဖြစ် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ အရှေ့မြောက်က လက်နက်ကိုင်တိုင်း ရင်းသားအဖွဲ့တွေရဲ့ အခြေခံမတူညီမှု (ကိုယ်ပိုင်တပ်/ကိုယ်ပိုင်နယ်မြေ/ကိုယ်ပိုင်စီးပွား ရှိနေတဲ့အချက်)ကို နားလည် သဘောပေါက် သိမြင်ထားပါတယ်။

ခင်ဗျားတို့နည်းလမ်းက “ဝင် – ပြင်” လား၊ “ပြင် – ဝင်”လား (သို့တည်းမဟုတ်) “ကိုယ်ပိုင်တပ်နဲ့ နယ်မြေတွေကို အရင်ဖျက်သိမ်းအပ်နှံပြီးမှ ဥပဒေဘောင်ထဲမှာ တရားဝင်နိုင်ငံရေးပါတီအဖွဲ့အစည်းအဖြစ် ရပ်တည်ခွင့်ရရှိရေးလမ်း” လား ဆိုတဲ့ မေးခွန်းပဲ မေးစရာရှိပါတယ်။

ကြည့်ရတာ လက်ရှိကာလမှာတော့ ပြည်တွင်းပြည်ပ ကြီးမားလှတဲ့အကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ မင်းအောင်လှိုင်စစ်အုပ်စုက အရှေ့မြောက်အဖွဲ့တွေကို အသာချိုထားနိုင်ဖို့ ဒီလမ်းကို ယာယီခင်းပြီး တစ်နပ်စားအကြံနဲ့ ထွက်ပေါက်ရှာနေတာလို့ပဲ မြင်ပါတယ်။

မြန်မာပြည်မှာ အာမခံချက်ရှိပြီး ရေရှည်တည်ငြိမ်းရေးနဲ့ ကြီးပွားတိုးတက်ရေးအတွက် ပြည်တွင်းစစ်မရှိတဲ့ အခြေအနေ မရှိမဖြစ် လိုအပ်နေပါတယ်။ ၁၉၄၈ ခုနှစ်ကနေ မျက်မှောက်ကာလ (မင်းအောင်လှိုင် စစ်အုပ်စု) အထိ အုပ်စိုးသူအဆက်ဆက်က ပြည်တွင်းစစ်ရပ်စဲရေးဆိုတာကို ဗန်းပြပြီး သောင်းကျန်းသူ အမြစ်ပြတ်ချေမှုန်းရေး ဆိုတဲ့ အနှစ်သာရနဲ့ လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေကြဆဲဖြစ်ပါတယ်။

ဒီနည်းလမ်းက ပြည်တွင်းစစ်ကို မရပ်စဲနိုင်တဲ့အပြင် တော်လှန်ပုန်ကန်သူအဖွဲ့အစည်းတွေသာ တစ်ခုပြီးတစ် ခု တိုးများသထက် တိုးများလာတာကို အထင်အရှားတွေ့မြင်နိုင်ပါတယ်။ ယနေ့မှာ PDF အပါအဝင် ပေါ် ပေါက်လာတဲ့ မျိုးဆက်သစ် လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ မင်းအောင်လှိုင် စစ်အုပ်စုရဲ့ အကြမ်းဖက်စစ် အာဏာသိမ်းပိုက်မှုက နေ တိုက်ရိုက်ဆင့်ကဲပေါ်ထွက်လာရတဲ့ အကျိုးဆက်ရလဒ်တွေထဲက တစ်ခုပဲဖြစ်ပါတယ်။

ပြည်တွင်းစစ်ထဲကနေ အစွယ်ပေါက်လာတဲ့ အုပ်စိုးသူဖြစ်လာတဲ့ စစ်အုပ်စုဟာ ပြည်တွင်းစစ်ထဲမှာပဲ သူတို့ရဲ့ အာဏာနဲ့ဥစ္စာဓန များပြားမှုဟာ ခိုင်မာလာတာမို့ ပြည်တွင်းစစ်ကို သူတို့အာဏာနဲ့ဥစ္စာဓန တည်တံ့ခိုင်မြဲရေးအတွက် ရေခံမြေခံလို့ သဘောထားပြီး ရေရှည်မွေးမြူထားပါတယ်။

ဒါကြောင့် ပြည်တွင်းစစ်ပြဿနာကို ဖြောင့်မတ်တည်ကြည်စွာ ပြေလည်လိုသူတိုင်းဟာ “စစ်အာဏာရှင်စနစ် နဲ့ ၂၀၀၈အခြေခံဥပဒေ” အကုန်အစင်ဖျက်သိမ်းရေးကို မပျက်မကွက် ရှေ့ရှုဆောင်ရွက်နိုင်ဖို့ပဲ လိုအပ်ပါတယ်။