Home သတင်း တရုတ်နှင့် မြန်မာနိုင်ငံသား (၅) ဦးအပါအဝင် စတားလင့်ခ် စက် အလုံး (၄၀) ကို ဖုတ်ဖရနယ်စပ်တွင် ဖမ်းဆီးရမိ

တရုတ်နှင့် မြန်မာနိုင်ငံသား (၅) ဦးအပါအဝင် စတားလင့်ခ် စက် အလုံး (၄၀) ကို ဖုတ်ဖရနယ်စပ်တွင် ဖမ်းဆီးရမိ

8
Photo crd: Ratchamanu Special Task Force

နိုဝင်ဘာ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ ဖုတ်ဖရမြို့နယ်၊ မော်ကိုထိုင်းကျေးရွာရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်း တရုတ်နိုင်ငံသား (၁) ဦးနှင့် မြန်မာနိုင်ငံသား (၄) ဦးအပါအဝင် စတားလင့်ခ်စက်အလုံး (၄၀) နှင့် အခြားဆက်စပ်ပစ္စည်းများကို ယမန်နေ့ (နိုဝင်ဘာလ ၂၇ ရက်) တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း အာဏာပိုင်များထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ စတားလင့်ခ်စက်များဖြင့် ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်ရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ဗဟိုဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်ကျေးရွာဘက်မှ အွန်လိုင်းငွေလိမ်(ကျားဖြန့်)ခြံဝင်းများသို့ အင်တာနက် ထုတ်လွှင့်ပေးနေခြင်းဖြစ်သည်ဟု ၎င်းကျားဖြန့်ဝင်းအတွင်း ရေမီးလျှပ်စစ်တပ်ဆင်ပေးနေသည့် အလုပ်သမား သတင်းအရင်းအမြစ်က ပြောသည်။

“သူတို့ Starlink တွေက ထိုင်းဧရိယာကုဒ်နဲ့မှ လိုင်းရတာဆိုတော့ ထိုင်းဘက်မှာဆင်ပြီး ဆုံဆည်းမြိုင်ကျားဖြန့်ရုံတွေကို Wi-Fi ပြန်လွှင့်ပေးတာ။ လျှပ်စစ်မီးက ဆုံဆည်းမြိုင်ကမ်းနားကနေ မော်ကိုထိုင်းဘက်ကို သောင်းရင်းမြစ်ထဲမှာ လိုင်းကြိုးတွေမြှုပ်ပြီး မီးစက်နဲ့မောင်းပို့တာ” ဟု အလုပ်သမားတစ်ဦးက ပြောသည်။

အမေရိကန်အခြေစိုက် SpaceX ကုမ္ပဏီထုတ် စတားလင့်ခ် စက်များကို ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းအများစုက အဓိကအသုံးပြုနေခြင်းနှင့်ဆက်စပ်၍ ယခု နိုဝင်ဘာလအတွင်း ကုမ္ပဏီဘက်မှ စတားလင့်ခ် စက်များအသုံးပြုခွင့်ပိတ်ပင်မှု ထပ်မံဖြစ်ပွားခဲ့သည်။

Photo crd: Ratchamanu Special Task Force

ယင်းကြောင့် နယ်စပ်ဒေသမှ မြန်မာနိုင်ငံအလယ်ပိုင်းတိုင်း နေရာအချို့ အထိ အင်တာနက်အသုံးပြုမှုများ ပြတ်တောက်ခဲ့ကြောင်း သတင်းအချက်အလက်ရပိုင်ခွင့်ကို မှတ်တမ်းတင်နေသည့် အဖွဲ့များက ဆိုသည်။။

ယမန်နေ့ကဖြစ်စဥ်တွင်မူ ဖမ်းဆီးရမိသည့် တရုတ်အပါအဝင် မြန်မာ (၅) ဦးကို အာဏာပိုင်များက ဖုတ်ဖရမြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားကြောင်း ထိုင်းအာဏာပိုင်များနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ထို့အတူ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု၊ တရားမဝင် ဆက်သွယ်ရေးပစ္စည်းများ သုံးစွဲတပ်ဆင်မှုအပါအဝင် အထောက်အထားမဲ့ နေထိုင်၍ တရားမဝင် အလုပ်လုပ်ကိုင်မှုဆိုင်ရာ ထိုင်းနိုင်ငံ၏ဥပဒေများအတိုင်း အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း တာ့ခ်ခရိုင် အာဏာပိုင် သတင်းအရင်းအမြစ်က ပြောသည်။