နိုဝင်ဘာ (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံရှိ ပြည်သူလူထုနှင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဖက်အဆောက်အအုံများကို တိုက်ခိုက်ရာတွင် အထောက်အပံ့ပေးနေသည့် စစ်အုပ်စု၏ ဘဏ္ဍာငွေ၊ စစ်လက်နက်ပစ္စည်းနှင့် လေယာဥ်ဆီပံ့ပိုးရေးလမ်းကြောင်းများအပေါ် ပစ်မှတ်ထားပိတ်ဆို့မှုများကို တိုးမြှင့်လုပ်ဆောင်ရန် ယူကေအစိုးရကို Justice for Myanmar (JFM) က တောင်းဆိုသည်။
နိုင်ငံတကာတရားရုံး (ICJ) ၏ စီရင်ချက်အပြီး ယူကေအစိုးရက မြန်မာနိုင်ငံထံ လေယာဉ်ဆီမရောက်ဖို့ တားမြစ်မည့်ဥပဒေ ပြဌာန်းချက်အပေါ် ကြိုဆိုသည့် ထုတ်ပြန်ချက်တွင် JFM က ထိုသို့ တောင်းဆိုထားခြင်းဖြစ်သည်။
“ယူကေ အစိုးရအနေနဲ့ ICJ စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တစ်ရပ် ထွက်ပေါ်လာရေးမှာ ဦးဆောင်ရမှာဖြစ်ပြီး၊ မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ဆက်လက်အထောက်အပံ့ပေးနေတဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စစ်သုံးပစ္စည်းနဲ့ လေယာဉ်ဆီရရှိနေမှုတွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ တိုးမြှင့်ချမှတ်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
ထိုအထဲတွင် လေယာဉ်ဆီ တင်ပို့ရောင်းချခြင်း၊ ထောက်ပံ့ပို့ဆောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း တို့တွင် ပါဝင်ပတ်သက်နေသော စစ်အုပ်စုထိန်းချုပ်မှုအောက်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE)၊ National Energy Prime Aviation Services Company Limited (NEPAS) နှင့် Asia Sun/Myan Oil ကုမ္ပဏီတို့ကို ပိတ်ဆို့ရမည်ဟု ဖော်ပြထားသည်။
ထို့အပြင် အရေးယူဒဏ်ခတ်မှုများမှ စစ်အုပ်စု အမည်ပြောင်းပြီး လွတ်ထွက်မသွားစေဖို့ ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ရမည်ဖြစ်သလို ကုန်သွယ်ရေးလိမ်လည်မှုများတွင် ပါဝင်ပတ်သက်ခဲ့သည့် စစ်အုပ်စုထိပ်ပိုင်းခေါင်းဆောင်များကိုလည်း ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းရန် JFM က တောင်းဆိုသည်။
ICJ က မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း အတည်ပြု စီရင်ချက်များချမှတ်ခဲ့ပြီးနောက် ယူကေအစိုးရသည် မြန်မာစစ်သံမှူးကို နိုင်ငံမှနှင်ထုတ်ခြင်းနှင့် နှစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် စစ်အုပ်စု၏ တပ်ပိုင်းဆိုင်ရာအရာရှိ (၅) ဦးကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ခြင်းတို့ လုပ်ဆောင်ခဲ့သည်။
ထို့အတူ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေးကိစ္စများကို ဦးဆောင်ရေးဆွဲနေရသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ICJ စီရင်ချက်များ အကောင်အထည်ဖော်ရေး၊ စစ်အုပ်စုက ရာဇဝတ်မှု ဆက်လက် မကျူးလွန်နိုင်ရန် အခြားနိုင်ငံများနှင့်အတူ အရေးယူမှု ပူးပေါင်းလုပ်ဆောင်ရန်၊ လုံခြုံရေးကောင်စီမှတဆင့် မြန်မာနိုင်ငံ၏အမှုကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) ထံ တင်ရန်လည်း ဗြိတိန်နိုင်ငံထံ JFM က တောင်းဆိုထားသည်။


















