Home သတင်း ကျိုက်ထိုတွင် စစ်အုပ်စု ရှို့မီးကြောင့် အိမ်ခြေ (၁၂၀) ကျော် ပြာကျခဲ့၍ စစ်ရှောင်များ အကူအညီ အရေးပေါ်လိုအပ်နေ

ကျိုက်ထိုတွင် စစ်အုပ်စု ရှို့မီးကြောင့် အိမ်ခြေ (၁၂၀) ကျော် ပြာကျခဲ့၍ စစ်ရှောင်များ အကူအညီ အရေးပေါ်လိုအပ်နေ

9
Photo: CJ

နိုဝင်ဘာ (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ(သထုံ)ခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဆောသူးခီး(ကျောက်ဖျာ) ကျေးရွာအုပ်စုသို့ ပြီးခဲ့သည့် နိုဝင်ဘာတတိယအပတ်က စစ်အုပ်စု စစ်ကြောင်းထိုးစဥ် မီးရှို့ဖျက်ဆီးသဖြင့် နေအိမ် (၁၂၄) လုံး ပြာကျခဲ့ရပြီး စစ်ရှောင်များ လူသားချင်းစာနာမှုအကူအညီ အရေးပေါ်လိုအပ်နေကြောင်း ဒေသတာဝန်ရှိသူများထံမှ သိရသည်။

နိုဝင်ဘာလဆန်းရက်က စစ်ကြောင်းထိုးဝင်လာသော စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ နိုဝင်ဘာ (၂၁) ရက်တွင် စစ်ကြောင်း ဆုတ်ခွာသွားသော်လည်း ဆောသူးခီးအုပ်စုရှိ ကျေးရွာနေအိမ် (၁၂၄) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သော စစ်ရှောင်များ စားဝတ်နေရေးအကူအညီ လိုအပ်နေသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လူတွေက ပြေးရှောင်နေရတယ် လေယာဉ်ရော ဒရုန်းတွေလာနေတော့ ရွာမပြန်ရဲကြတော့ဘူးလေ။ လိုအပ်ချက်တွေကတော့ အများကြီး ရှိတာပေါ့။ အစားအသောက်၊ ဆေးဝါး၊ အဝတ်အစား၊ စောင်တွေ ခြင်ထောင်တွေလိုတယ်။ အကူအညီပေးတဲ့အဖွဲ့လည်း မရှိသလို ရွာတွေလည်းပျက်ဆီးကုန်ပြီ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

စစ်ကြောင်းပြန်ထွက်စဥ် မီးရှို့ခံလိုက်ရသည့်ကျေးရွာများတွင် နတ်စင်၊ ကျောက်ဖျာ၊ ချောင်းစောက်၊ ရွာသစ်၊ မိုးဘော၊ ခမောက်ခွင်နှင့် ကော်ကာကျေးရွာတို့ပါဝင်သည်။

ချောင်းစောက်ရွာတွင် ရွာလုံးကျွတ်ပြာကျသွားသလို မီးရှို့ခံရသည့်အထဲ၌ ကျန်းမာရေးအဆောက်အအုံများလည်း ပါဝင်၍ ဆေးကုသမှုအခက်အခဲရှိနေသည်ဟုလည်း ဒေသခံများထံမှ သိရသည်။

Photo: CJ

ကျောက်ဖျာမှစစ်ရှောင်လာသည့် အမျိုးသမီးတစ်ဦးက “ချောင်းစောက်ရွာကတော့ တစ်ရွာလုံးနီးပါးပဲ မီးရှို့သွားတယ်။ ရွာသားတွေလည်း အိမ်မပြန်နိုင်တော့ဘူး အိမ်ကြီးအိမ်ကောင်းတွေ အကုန်ကုန်သွားတာ။ လတ်တလောတော့ တောတောင်တွေထဲပဲ လိုက်ပြေးနေရတယ်” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် ဒေသတွင်းသတင်းအမြစ်များက ပေးပို့လာသော ဓာတ်ပုံမှတ်တမ်းများအရ နေအိမ်များအပြင် ဒေသခံပိုင်ဆိုင်သည့် မော်တော်ယာဥ်အချို့လည်း မီးရှို့ဖျက်ဆီးခံလိုက်ရသည်။ နောက်ထပ် မော်တော်ယာဥ် (၅)စီး၊ ဆိုင်ကယ် (၁၂)စီးအပါအဝင် မီးမရှို့ဘဲချန်ထားခဲ့သည့်နေအိမ်များမှ တန်ဖိုးကြီးပစ္စည်းများကိုမူ စစ်အုပ်စုက ယူဆောင်သွားကြောင်း သိရသည်။

ကေအဲန်ယူ တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလကတည်းက စစ်အုပ်စု၏ လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများ နေ့စဥ်လိုလို ကြုံတွေ့နေရခြင်း ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးနှင့်ကလေးငယ်များအပါအဝင် ထိခိုက်သေဆုံးသူ များပြားခဲ့သလို လေကြောင်းရန်ကြောင့် အကြိမ်ကြိမ်စစ်ရှောင်ခဲ့ရကြောင်းလည်း ဒေသခံများက ပြောသည်။

ထို့အတူ ပဋိပက္ခဒေသရှိ နေအိမ်မီးလောင်ပျက်စီးမှုများကို မှတ်တမ်းတင်ထားသည့် Data for Myanmar ၏ အချက်အလက်များအရ အာဏာသိမ်း(၅)နှစ်ကျော်ကာလတွင် စစ်အုပ်စုနှင့်၎င်းလက်အောက်ခံအဖွဲ့များ မီးရှို့မှုကြောင့် အရပ်သားနေအိမ်ပေါင်း (၁၂၁,၀၀၀)ကျော် ပျက်စီးခဲ့ရကြောင်း သိရသည်။