Home သတင်း ရှမ်းပြည်၊ နောင်ချိုရှိ စစ်အုပ်စုတရားရေးဌာနမှ မတရားအမိန့်များချ၍ ငွေကျပ်ထောင်ချီတောင်းယူနေ

ရှမ်းပြည်၊ နောင်ချိုရှိ စစ်အုပ်စုတရားရေးဌာနမှ မတရားအမိန့်များချ၍ ငွေကျပ်ထောင်ချီတောင်းယူနေ

20
Photo: AFP

အောက်တိုဘာ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် စစ်အုပ်စုတရားရေးဌာနသည် အကြမ်းဖက်မှုပုဒ်မတပ် မတရားထောင်ချခံထားရသူများကို လွတ်ငြိမ်းပေးမည့်အယောင်ပြ မတရားအမိန့်များချ၍ ချုပ်နှောင်ထားသလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထားဖမ်းဆီးကာ ငွေကျပ်သိန်းထောင်ချီတောင်းယူနေကြောင်း နိုင်ငံရေးအကျဉ်းသားများ တရားမျှတမှုကွန်ရက် (JNPP) ထံမှ သိရသည်။

နောင်ချိုမြို့နယ်အတွင်း တရားရေး၊ ရဲနှင့် စစ်အုပ်စု ပူးပေါင်းပြီး အထူးသဖြင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထားဖမ်းဆီးနေမှုနှင့်ပတ်သက်သည့် ယမန်နေ့ (အောက်တိုဘာ ၁၂ ရက်)ဖြင့် JNPP ၏ ထုတ်ပြန်ချက်တွင် ထိုသို့ဖော်ပြထားခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်က လွတ်ငြိမ်းချမ်းသာခွင့် ကြေညာဟန်ပြခဲ့သော်လည်း လက်တွေ့၌ မတရားဖမ်းဆီးထားသူများကို ထောင်ဒဏ်ဆက်လက်ချမှတ်ထားသလို နောင်ချိုတရားရုံးမှ နိုင်ငံရေးအကျဥ်းသားအများအပြားကို မတရားအမိန့်ချ၊ ထောင်ပြောင်းစေခဲ့သည်ဟု JNPP က ဆိုသည်။

ထို့အပြင် နိုင်ငံရေးလှုပ်ရှားသူများကိုပစ်မှတ်ထားဖမ်းဆီးကာ နောင်ချိုမြို့မရဲစခန်းတွင် အချုပ်ချထားပြီး ငွေကျပ်သိန်းဂဏန်းမှ ထောင်ဂဏန်းအထိ တောင်းယူခြင်းများလည်း ရှိသည်။ ငွေရပြီး အချို့ကိုပြန်လွှတ်ပေးသော်လည်း အချို့ကိုမူ ထောင်ဒဏ်အမိန့်ချ အဂတိလိုက်စားမှုများ ကျူးလွန်နေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းကြောင့် လက်ရှိတွင်နောင်ချိုဒေသခံများနှင့် တက်ကြွလှုပ်ရှားသူများအကြား လုံခြုံရေးစိုးရိမ်ပူပန်မှုများဖြင့် နေထိုင်နေရသည်ဟု ဆိုသည်။ JNPP အနေဖြင့်လည်း စစ်အုပ်စု၏ထိုလုပ်ရပ်များကိုရှုတ်ချ၍ တရားမျှတမှုရရှိရေး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ရပ်တည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြသည့် နိုင်ငံနှင့်တစ်ဝှမ်းလူထုလှုပ်ရှားမှုနောက်ပိုင်း တက်ကြွလူငယ်၊ ခေါင်းဆောင်များကို စစ်အုပ်စုက ဖမ်းဆီးထောင်ချမှုပိုမိုလုပ်ဆောင်လာရာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) စာရင်းအရ ယခု၊ ၂၀၂၆ ခုနှစ် အောက်တိုဘာလအထိ (၃၂,၀၈၄) ဦး ဖမ်းဆီးခံခဲ့ရသည်။ ထိုအထဲတွင် လွတ်မြောက်လာသူ (၉,၃၇၄) ဦးရှိသလို စစ်အုပ်စုကြောင့် (၈,၅၁၉) ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။