Home သတင်း မဲဆောက်တွင် အစစ်အဆေးများ ဆက်လက်ဖြစ်ပွား၊ မာလွေအိမ်ယာနေ အထောက်အထားမဲ့ မြန်မာ(၇)ဦး ဖမ်းဆီးခံရ

မဲဆောက်တွင် အစစ်အဆေးများ ဆက်လက်ဖြစ်ပွား၊ မာလွေအိမ်ယာနေ အထောက်အထားမဲ့ မြန်မာ(၇)ဦး ဖမ်းဆီးခံရ

27
Photoo: Phopphra Post

အောက်တိုဘာ (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် အောက်တိုဘာတတိယအပတ်အတွင်း ထိုင်းအာဏာပိုင်အဖွဲ့စုံ၏ စစ်ဆေးမှုများဖြစ်ပွားလျက်ရှိရာ ယနေ့၊‌ အောက်တိုဘာ(၁၉)ရက်နေ့ မနက်ပိုင်းက မယ်ပရပ်ကွက်ရှိ မာလွေအိမ်ယာသို့ ဝင်ရောက်စစ်ဆေးမှုတွင် အထောက်အထားမဲ့နေထိုင်သူ မြန်မာနိုင်ငံသား (၇)ဦး ထပ်မံ ဖမ်းဆီးခံရကြောင်း သိရသည်။

ယနေ့မနက်(၆)နာရီဝန်းကျင်အချိန်တွင် မဲဆောက် တောမောင်း(လူဝင်မှုကြီးကြပ်ရေး)အပါအဝင် အဖွဲ့စုံက စီမံချက်ဖြင့် မြန်မာပြည်သားအများစုနေထိုင်သော မာလွေအိမ်ယာဝင်းအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အိမ်ယာအတွင်းနေထိုင်သူများ၏ အထောက်အထားပြည့်စုံမှု ရှိ၊ မရှိကို အဓိကထားစစ်ရာ လက်မှတ်မရှိဘဲ နေထိုင်သူ(၇) ဦး ကို ဖမ်းဆီးသွားသည်ဟု ထိုအိမ်ယာနေ မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။

“(၁၆)ရက်နေ့က တစ်ခါဝင်စစ်သေးတယ် မဖမ်းဘူး။ ဒီနေ့မနက်ကျတော့ အဖွဲ့စုံရောက်လာပြီး လူ ၃၀ လောက် လမ်းမကိုခေါ်ထုတ်ပြီး စာရင်းယူ အထောက်အထားစစ်တယ်။ အဲဒီအထဲက (၇) ယောက် ကတော့ ဘာအထောက်အထားမှမရှိတော့ ဖမ်းခံရတာ” ဟု ၎င်းမြန်မာရွှေ့ပြောင်းလုပ်သားကူညီရေးအဖွဲ့တွင် တာဝန်ယူထားသူက ပြောသည်။

ထိုသို့စစ်ဆေးမှုတွင် အမျိုးသမီးများ၊ ကလေးငယ်များ မပါဝင်သလို ဧည့်စာရင်း၊ ပန်းရောင်ကတ်၊ အလုပ်သမားကတ်နှင့် နေထိုင်ခွင့်လျှောက်ထားဆဲ စာရွက်စာတမ်း မပြည့်စုံသေးသူများကို ဖမ်းဆီးခြင်းမရှိဘဲ သတိပေးပြောဆိုပြီး ပြန်လွှတ်ပေးလိုက်သည်ဟု အိမ်ယာဝင်းနေထိုင်သူများက ဆိုသည်။

အာဏာပိုင်များသည် အောက်တိုဘာ (၁၅) ရက်မှစ၍ တာ့ခ်ခရိုင် မဲဆောက်၊ ဖုတ်ဖရ၊ မဲလမတ် မြို့နယ် များ ဘက်အထိ စစ်ဆေးမှုလုပ်ဆောင်နေခြင်းဖြစ်ပြီး မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်း၊ အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းနှင့် တရားမဝင်လောင်းကစားလုပ်ဆောင်မှုများကို အလေးထားဖမ်းဆီးနေခြင်းရှိသည်။

ထိုအထဲတွင် ယနေ့၊ မနက်ပိုင်း ဖုတ်ဖရမြို့နယ်၊ ရပ်ကွက်များအတွင်းနေထိုင်သည့် ရွှေ့ပြောင်းမြန်မာများထံမှ လက်ပစ်ဗုံး(၂)လုံး လက်ဝယ်ထားရှိသည့် ဖြစ်စဥ်လည်း ပါဝင်ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်သည်။

တာ့ခ်ခရိုင်အတွင်း စီမံချက်ဖြင့် အာဏာပိုင်အဖွဲ့စုံ စစ်ဆေးနေသည့်လက်ရှိကာလအတွင်း ရာဇဝတ်မှုသံသဃဖြင့် ဖမ်းဆီးခံရသူ (၃၀) ကျော်ရှိပြီးဖြစ်သလို အထောက်အထားမရှိဘဲနေထိုင်သူ (၁၀၀) ကျော် ထိန်းသိမ်းခံထားရကြောင်းလည်း မဲဆောက်ရဲတပ်ဖွဲ့နှင့်နီးစပ်ရာသတင်းအရင်းအမြစ်ထံမှ စုံစမ်းသိရသည်။