အောက်တိုဘာ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ တပ်ဖွဲ့အခြေချနေရာများသို့ ယမန်နေ့၊ အောက်တိုဘာ(၁၂)ရက်နေ့က လူအပြောင်းအလဲလုပ်ရန်လာသည့် စစ်အုပ်စုကို KNLA ပူးပေါင်းတပ်က ပုလိန်ရွာအနီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။
ခလယ်တံခွန်တိုင်နှင့် သံဖြူဇရပ်ဒေသဘက်သို့ ယမန်နေ့ညနေပိုင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်ရောက်လာခြင်းဖြစ်ပြီး တောင်ဒီး၊ အဘစ်ရွာလမ်းပိုင်းရှိ ပုလိန်ရွာအနီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်၏ ကြားဖြတ်တိုက်ခိုက်ခံရကာ ယနေ့မနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု တော်လှန်ရေးတပ်ဘက်က ပြောသည်။
“ပုလိန်ရွာနားမှာ လက်နက်အကြီးအသေး အသံစုံပဲ ပစ်ကြတာ၊ ညဘက်အထိ လက်နက်ကြီး ပစ်နေတယ်။ လော လောဆယ်တော့ လူ၊ ကား၊ ဆိုင်ကယ် အသွားအလာ ပေးမလုပ်ဘူး လမ်းပိတ်ထားတယ်” ဟု KNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်အုပ်စုတပ်ဖွဲ့များသည် လူနှင့်ခဲယမ်းများတင်ဆောင်လာသည့် မော်တော်ယာဥ်အစီးရေ(၅၀)ကျော်ဖြင့် ကြာအင်းဆိပ်ကြီး-ကျိုက်မရော-မုဒုံလမ်းပိုင်းဘက်မှ ဖြန့်ကျက် ဝင်ရောက်လာခြင်းဖြစ်ကြောင်းလည်း စစ်အုပ်စုအသွားအလာကို ထောက်လှမ်းရန်တာဝန်ယူထားသည့် တော်လှန်ရေးအင်အားစုထံမှ သိရသည်။
ကင်းထောက်တပ်ဖွဲ့ဝင်တစ်ဦးက “မနက်ပိုင်းမှာ မုဒုံ၊ ကျိုက်မရောဘက်ကနေ ချောင်းနှစ်ခွ၊ ဒါလီ တံတားဘက် စစ်ယာဥ်တန်းဝင်လာတာရှိတယ်။ ခလယ်တံခွန်တိုင်ဘက်လည်းသွားတယ်။ ကားတန်းနေရာခွဲပြီးဝင်တာ အစီး ၅၀ လောက်ပေါ့။ စစ်သားတွေပါလာတယ်။ ခဲယမ်းသစ်သားသေတ္တာတွေကို ထပ်ပြီး မိုးကာအုပ်တင်လာတဲ့ကားတွေရောပဲ” ဟု ကေအိုင်စီကို ပြောသည်။
ထို့အတူ လတ်တလောဖြစ်ပွားနေသောတိုက်ပွဲကြောင့် အဘစ်-သံဖြူဇရပ်လမ်း၊ ကြာအင်းဆိပ်ကြီး-ခလယ်တံခွန်တိုင်လမ်းကြောများကို ဖြတ်သန်းသွားလာမှုများ ခေတ္တဆိုင်းငံ့ထားရသည်။ ထို့ကြောင့် ခရီးသွားမော်တော်ယာဥ်၊ ကုန်စည်ယာဥ်များမှာ တိုက်ပွဲအခြေအနေစောင့်ကြည့်၍ အနီးအနားရှိကျေးရွာများတွင် ပုံမှန်အတိုင်း ပြန်သွားလာရရေး စောင့်ဆိုင်းနေကြရသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။
နောက်ဆုံးရရှိထားသည့်သတင်းများအရ လူအပြောင်းအလဲလုပ်မည့် ဇီးဖြူကုန်းရွာနေရာသို့ လက်ရှိ စစ်အုပ်စုတပ်ဖွဲ့များ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။ သို့ရာတွင် နောက်တန်းပြန်မည့်စစ်အုပ်စုတပ်ဖွဲ့ ပြန်ထွက်လာ၍မရသေးခြင်းကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်မည့်အခြေအနေ ရှိကြောင်းလည်း ခလယ်တံခွန်တိုင်ရွာသတင်းအရင်းအမြစ်များက ဆိုသည်။


















