Home သတင်း ခလယ်လွီထူခရိုင်တွင် ဩဂုတ်တစ်လလုံး ပစ်ခတ်မှုများဖြစ်ပွားပြီး အမျိုးသမီး (၆) ဦးသေဆုံးခဲ့

ခလယ်လွီထူခရိုင်တွင် ဩဂုတ်တစ်လလုံး ပစ်ခတ်မှုများဖြစ်ပွားပြီး အမျိုးသမီး (၆) ဦးသေဆုံးခဲ့

21
Photo: KNU (တပ်မဟာ-၃ နယ်မြေရှိ စစ်ဘေးရှောင်များ-ပုံဟောင်း)

အောက်တိုဘာ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးအသားအစည်းအရုံး၊ တပ်မဟာ-၃၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်ထဲတွင် ပြီးခဲ့သည့် ဩဂုတ်တစ်လလုံး စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ အရပ်သားအမျိုးသမီး(၆) ဦးသေဆုံးခဲ့သည်ဟု ခရိုင်တာဝန်ရှိသူများက မှတ်တမ်းတင်ထားသည်။

ဆောထိ(ရွှေကျင်)၊ လယ်ဒို(ကျောက်ကြီး) နှင့် မူး(မုန်း) မြို့နယ် (၃) ခုစလုံးတွင် စစ်အုပ်စုက အရပ်သားများနေထိုင်ရာအရပ်သို့ ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှု (၁၂) ကြိမ်၊ လေယာဥ်ဖြင့်တိုက်ခိုက်မှု (၆) ကြိမ်နှင့် လက်နက်ကြီးပစ်ခတ်မှု (၁၆) ကြိမ်၊ စုစုပေါင်း (၃၄) ကြိမ် လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် အမျိုးသမီး (၆) ဦးသေဆုံးခဲ့ခြင်းဖြစ်ပြီး နောက်ထပ် အမျိုးသမီး (၃) ဦး၊ အမျိုးသား (၉) ဦး တို့ ထိုခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့အပြင် ဒေသခံအမျိုးသား (၁၀) ဦး မှာလည်း တစ်လအတွင်း စစ်အုပ်စု၏ အကြောင်းအရင်းမသိဘဲ ဖမ်းဆီးခံလိုက်ရခြင်းရှိကြောင်း ကေအဲန်ယူ၏ထုတ်ပြန်ချက်က ဖော်ပြသည်။

Photo: KNU (တပ်မဟာ-၃ နယ်မြေရှိ စစ်ဘေးရှောင်များ-ပုံဟောင်း)

လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုများအတွင်း ဒေသခံပိုင် နေအိမ် (၁၂) လုံး၊ စပါးကျီ (၁) လုံးနှင့် ဆိုင်ကယ် (၂) စီးပျက်စီးကာ အိမ်မွေးတိရစ္ဆာန်တချို့ သေဆုံးခဲ့ရသည်အထိ ခရိုင်အုပ်ချုပ်သူများက မှတ်တမ်းတင်ထားသည်။

စစ်တပ်အာဏာသိမ်းထားသည့်တစ်လျှောက်လုံး ခလယ်လွီထူခရိုင်ထဲတွင် လက်နက်ကိုင်ပဋိပက္ခအများအပြား ဖြစ်ပွားခဲ့သလို စစ်အုပ်စုက တိုက်ပွဲမရှိသော်လည်း မကြာခဏ အရပ်သားပြည်သူရှိနေသည့်နေရာများသို့ ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။

အလားတူ စက်တင်ဘာလနှင့် ယခု အောက်တိုဘာ အစောပိုင်းရက်များတွင်လည်း မူးမြို့နယ်နှင့် လယ်ဒိုမြို့နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ရှိနေပြီး အရပ်သား (၇)ဦးသေဆုံးကာ (၁၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ၏ခလယ်လွီထူခရိုင် ပြန်ကြားရေးစာမျက်နှာတွင် ထုတ်ပြန်ထားသည်။