Home တွေ့ဆုံမေးမြန်းခန်း ကရင်ဥပဒေအထောက်အကူပြုရေးအဖွဲ့ (KLAC) ဒါရိုက်တာ နော်လွဲထူးစေးနှင့် ဆက်သွယ်မေးမြန်းခြင်း။

ကရင်ဥပဒေအထောက်အကူပြုရေးအဖွဲ့ (KLAC) ဒါရိုက်တာ နော်လွဲထူးစေးနှင့် ဆက်သွယ်မေးမြန်းခြင်း။

24

“တရားမျှတမှုဆိုတာက ပြည်သူတွေအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်း အားလုံး လူတစ်ဦးချင်းစီကနေပြီးတော့ ပူးပေါင်းတည်ဆောက်ရမယ့်အရာဖြစ်တယ်”

ကရင်ဥပဒေအထောက်အကူပြုရေးအဖွဲ့ (KLAC) ဒါရိုက်တာ နော်လွဲထူးစေးနှင့် ဆက်သွယ်မေးမြန်းခြင်း။

အောက်တိုဘာ (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကော်သူးလေနယ်မြေအတွင်း တရားစီရင်ရေးစနစ် ပိုမိုကောင်းမွန်လာရန်ရည်ရွယ်ပြီး တတိယအကြိမ်မြောက် ဥပဒေနှင့်တရားရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးသင်တန်းဖွင့်မည့်အခြေအနေနှင့် ကော်သူးလေဒေသအတွင်း တရားစီရင်ရေးစိန်ခေါ်မှုများနှင့်ပတ်သက်၍ ကရင်ဥပဒေအထောက်အကူပြုအဖွဲ့(KLAC) ဒါရိုက်တာ၊ ကေအဲန်ယူ၊ တရားရေးဌာနတာဝန်ခံ နော်လွဲထူးစေးနှင့် ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ကော်သူးလေ ဥပဒေပညာသင်တန်းကျောင်း စတင်ဖွင့်လှစ်တဲ့အချိန်ရယ် ကျောင်းဖွင့်ထားတဲ့ ရည်ရွယ်ချက်ကို အရင်ဆုံးသိပါရစေ။
ဖြေ။ ကျမတို့ ဒီသင်တန်းကျောင်းကိုစပြီး အကောင်ထည်ဖော်တာက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ မှာစခဲ့တယ်။ အခုဆိုရင် တတိယအကြိမ်မြောက်ရှိပြီ။ ကော်သူးလေ ဥပဒေပညာသင်ကျောင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဒေသအတွင်းဥပဒေနဲ့ တရားရေးဆိုင်ရာ ကျွမ်းကျင်သူတွေကိုမွေးထုတ်ပေးဖို့နဲ့ ပြည်သူတွေ အမှန်တကယ်တရားရေးဆိုင်ရာ အချက်အလက်နဲ့ အကူအညီတွေကို ပိုမိုလက်လှမ်းမီရရှိစေဖို့ဖြစ်တယ်။ အဲဒါအပြင် ဒေသရဲ့ လက်တွေ့အခြေအနေနဲ့ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အခြေခံပြီးတော့ တရားမျှတမှုကို အာမခံနိုင်မယ့် တရားရေးစနစ်တစ်ခုကို တည်ဆောက်နိုင်ဖို့အတွက်ရည်ရွယ်တာပေါ့နော်။
 
မေး။ ကော်သူးလေ ဥပဒေပညာသင်ကျောင်းကနေ ဥပဒေနဲ့ တရားရေးဆိုင်ရာစွမ်းရည်မြှင့်တင်ရေးသင်တန်း ခေါ်ယူတာ တတိယအကြိမ်ရှိနေပြီလို့ သိရတယ်။ အဓိက သင်တန်းဖွင့်တဲ့ ရည်ရွယ်ချက်ကရော ဘာဖြစ်မလဲ။
ဖြေ။ ဒီဥပဒေသင်တန်းကျောင်းဖွင့်ရတဲ့ရည်ရွယ်ချက်က ကော်သူးလေနယ်မြေမှာ ဥပဒေနဲ့ တရားရေးဆိုင်ရာကျွမ်းကျင်သူတွေ များပြားလာမယ်ဆိုရင် ပြည်သူတွေအနေနဲ့ တရားရေးဆိုင်ရာအချက်အလက်တွေနဲ့ အရင်းအမြစ်တွေကို ပိုပြီးတော့ လက်လှမ်းမီရရှိလာနိုင်ဖို့အတွက်ဖြစ်တယ်။ နောက် ဒုတိယအချက်ကတော့ ကော်သူးလေမှာ တရားရေးဆိုင်ရာ အချက်အလက် ကျွမ်းကျင်သူတွေ များပြားလာမယ်ဆိုရင် ဒေသအတွင်းမှာ တရားရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေကို ထိရောက်စွာ ပံ့ပိုးမှုတွေပိုပြီးတော့ ဖြစ်စေဖို့အတွက်ရယ် တတိယအချက်ကတော့ ပြည်သူတွေအနေနဲ့ တရားမျှတမှုတွေကို လက်လှမ်းမီ ပိုပြီးတော့ ရရှိလာဖို့အတွက်ရယ် နောက်ဆုံးအချက်ကတော့ ဒေသရဲ့အခြေအနေ ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်မှုတွေနဲ့ တရားမျှတမှုဆိုင်ရာစံနှုန်းတွေကို အခြေခံတဲ့ထိရောက်တဲ့ တရားရေးစနစ်တစ်ခုဖြစ်လာစေဖို့အတွက်ရယ်ဆိုပြီး ရည်ရွယ်ပြီးတော့ ဒီတရားရေးဆိုင်ရာ သင်တန်း ကျောင်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။

မေး။ ဘယ်လိုအရည်အချင်းရှိမှ လျှောက်လို့ရလဲ၊ သတ်မှတ်ချက်တွေကရောဘာတွေရှိလဲ။
ဖြေ။ သင်တန်းလျှောက်ထားတဲ့သူတွေအနေနဲ့ ကရင်ဘာသာကျွမ်းကျင်ရမှာဖြစ်တယ်။ အဲဒီမှာဆိုရင် စကောကရင်၊ ပိုးကရင်ဘာသာကို ကျွမ်းကျင်စွာ ရေးတတ် ဖတ်တတ်ရမှာဖြစ်ပြီးတော့ ဗမာဘာသာနဲ့ အင်္ဂလိပ်ဘာသာကိုယ်လည်း အခြေခံအားဖြင့် ရေးတတ် ပြောတတ်ရမှာဖြစ်တယ်ပေါ့။ အခြေခံပညာ အထက်တန်းအထိ ပညာသင်ဖူးတဲ့သူဖြစ်ရမယ်။ တရားမျှတမှုကိုယုံကြည်တဲ့သူဖြစ်ရမယ်။ ကျန်းမာရေးကောင်းမွန်ပြီးတော့ အကျင့်စာရိတ္တကောင်းမွန်ကြောင်းကို သက်ဆိုင်ရာဒေသခေါင်းဆောင်၊ ဌာန ၊အဖွဲ့အစည်းတွေကနေပြီးတော့မှ ထောက်ခံချက် ရရှိတဲ့သူဖြစ်ရမယ်။ အသက်အားဖြင့် ၂၀ နှစ်ကနေ ၃၀နှစ်ဖြစ်ပြီးတော့ အနည်းဆုံး ၁၈ နှစ်ပြည့်ရပါမယ်။ ကော်သူးလေဥပဒေချိုးဖောက်ဖူးတဲ့သူလည်း မဖြစ်ရဘူး။ ပြီးတော့ မတရားမှုကျူးလွန်သူကို ထောက်ခံတဲ့သူမဖြစ်ရဘူး။

သင်တန်းပြီးဆုံးတဲ့သူတွေအနေနဲ့ မိမိတို့ရဲ့ ဒေသ ခရိုင်တွေမှာအနည်းဆုံး ၂ နှစ် ပြန်လည်နေထိုင်ပြီးတော့ တာဝန်ထမ်းဆောင်ဖို့ သတ်မှတ်ထားပါတယ်။ ဒီလိုသတ်မှတ်ခြင်းအားဖြင့် သင်တန်းကနေရရှိခဲ့တဲ့ ဥပဒေနဲ့ တရားရေးဆိုင်ရာအသိပညာတွေကို ဒေသတွင်းမှာပြန်လည်အသုံးချပြီးတော့ ဒေသခံပြည်သူလူထုတွေအတွက် တရားရေး ဆိုင်ရာဝန်ဆောင်မှုတွေနဲ့ တရားမျှတမှု လက်လှမ်းမီနိုင်ရေးကို အထောက်အကူပြုနိုင်ဖို့ဖြစ်တယ်။

မေး။ သင်တန်းက နှစ်ကြိမ်ပြီးခဲ့ပြီဆိုတော့ တကယ့်လက်တွေ့မှာ တရားရေးဌာနဘက်ကို ဘယ်လောက်အထောက်အကူပြုလဲ။
ဖြေ။ ဒီသင်တန်းကဦးတည်နေပြီးတော့မှ တရားရေးဆိုင်ရာအခြေခံသဘောတရားတွေ လုပ်ထုံးလုပ်နည်းတွေနဲ့ လက်တွေ့ခွဲခြမ်းစိတ်ဖြာ နိုင်စွမ်းရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို မွေးထုတ်ပေးနိုင်တယ်ပေါ့နော်။ သင်တန်းကနေဆင်းသွားရင် သက်ဆိုင်ရာခရိုင်၊ မြို့နယ်တွေမှာ တာဝန်ထမ်းဆောင်နိုင်တာဖြစ်တဲ့အတွက်ကြောင့် တရားရေးလုပ်ငန်းတွေမှာ လိုအပ်နေတဲ့ ဝန်ထမ်းအင်အား ကျွမ်းကျင်မှုတွေကိုဖြည့်ဆည်းပေးနိုင်တယ်။ အဓိကကတော့ ပြည်သူတွေအတွက် တရားမျှတမှုရရှိရေးနဲ့ ဥပဒေဆိုင်ရာအကူအညီတွေကို ပိုမိုလက်လှမ်းနိုင်ဖို့အတွက်ဖြစ်တယ်ပေါ့နော်။

မေး။ သင်တန်းမှာရော ဘယ်လိုသင်ရိုးညွှန်းတမ်းတွေ ထည့်သွင်းသင်ကြားပေးတာရှိလဲ။
ဖြေ။ ဘာတွေကိုအဓိကထားပြီး သင်ကြားပေးလဲဆိုရင် တရားမျှတမှုဆိုင်ရာသဘောတရားနဲ့ အခြေခံမူတွေပါမယ်၊ ဥပဒေမိတ်ဆက်၊ မူဝါဒနဲ့ဥပဒေလုပ်ငန်းအပြင် နိုင်ငံတကာဥပဒေ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို သင်ကြားပေးတယ်။ နောက်တစ်ခုက ကော်သူးလေဥပဒေ၊ ဖွဲ့စည်းပုံအခြေခံ ဥပေဒေ ၊ ကော်သူးလေရာဇဝတ်မှုနဲ့ တရားမမှုဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ သက်သေခံဥပဒေတွေကို သင်ကြားပေးတယ်။ နောက်တစ်ချက်က စစ်ဘက်ဆိုင်ရာ ဥပဒေနဲ့ တရားစီရင်ရေးဆိုင်ရာ ဥပဒေစနစ်တွေ၊ မြေယာ အငြင်းပွားမှုဖြေရှင်းရေး၊ နိုင်ငံတကာတရားစီရင်ရေး ဥပဒေနဲ့ ကော်သူးလေတရားစီရင်ရေးစနစ်ကို နှိုင်းယှဉ်လေ့လာပြီးတော့ အမှုဟောင်းတွေကိုလည်း လေ့လာသုံးသပ် စေတဲ့ဟာတွေလည်း ပါတယ်။

မေး။ လက်ရှိ ကေအဲန်ယူထိန်းချုပ်နယ်မြေထဲမှာ ဒေသမတည်ငြိမ်တဲ့အတွက် တရားရုံးလုပ်ငန်းစဉ်တွေ ပုံမှန်လည်ပတ်နိုင်ဖို့ ဘယ်လိုစိန်ခေါ်မှုတွေရှိလဲ။
ဖြေ။ လက်ရှိ ဒီပဋိပက္ခအခြေအနေ၊ လုံခြုံရေးအခက်အခဲနဲ့ ပြည်သူတွေ တရားရုံးကို ကိုယ်တိုင်လာရောက်ဖို့ သက်သေတွေကို စုဆောင်းဖို့၊ ဥပဒေတွေရယူဖို့အခက်အခဲတွေ ရှိနိုင်တယ်ပေါ့နော်။ အဲဒါအပြင် ဒီဒေသအတွင်းမှာ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းတွေကလည်း အများအပြားဖြစ်နေတဲ့အတွက်ကြောင့် အမှုခင်းတွေကို ကိုယ်တွယ်တဲ့နေရာမှာ ဌာနအချင်းချင်းပူးပေါင်းဆောင်ရွက်မှုတွေလည်း အရေးကြီးတယ်။ ဒါကြောင့်မို့လည်း ဒီတရားရေးဝန်ထမ်းတွေရဲ့စွမ်းရည်မြှင့်တင်ရေး လုပ်ထုံးလုပ်နည်းတွေ တိုးတက်ကောင်းမွန်ရေးနဲ့ ပြည်သူတွေ တရားမျှတမှု လက်လှမ်းမီရေးကိုဆက်လက်အားဖြည့်ဖို့ လိုအပ်နေပါတယ်။

မေး။ ကေအဲန်ယူနယ်မြေမှာက KNLA, KNDO တို့လို တပ်ဘက်ဆိုင်ရာဘက်ကလည်း အာဏာရှိတော့ တရားရေးအပိုင်းမှာ စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေ ဝင်ရောက်စွက်ဖက်မှုမရှိအောင် တရားစီရင်ရေးလွတ်လပ်ခွင့်ကို ရာနှုန်းပြည့် ဘယ်လောက်အထိလုပ်နိုင်လဲ။ အဲဒီအပိုင်းကစိန်ခေါ်မှုတွေ ဘယ်လိုရှိလဲ။
ဖြေ။ တရားစီရင်ရေးမှာ အရေးကြီးဆုံးက ဥပဒေနဲ့အညီ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ဖို့နဲ့ အမှုတိုင်းကို မျှမျှတတကိုယ်တွယ်နိုင်ဖို့ဖြစ်တယ်။ ကော်သူးလေတရားစီရင်ရေးစနစ်မှာ တရားစီရင်ရေးအဖွဲ့နဲ့ ဥပေဒမူဘောင်ကို တာဝန်ယူတဲ့ ဌာနတို့ကိုသီးခြား ဖွဲ့စည်းထားတဲ့ မူဘောင်ရှိပေမယ့် မြေပြင်မှာတော့ လက်တွေ့ ဘယ်လောက်ထိ အပြည့်အဝအကောင်ထည်ဖော်နေသလဲဆိုတာကိုတော့ အမှုတစ်ခုချင်းစီရဲ့အခြေအနေ လုပ်ငန်းစဉ်နဲ့ လက်တွေ့ အထောက်အထားတွေကို ကြည့်ပြီးတော့ သုံးသပ်ဖို့လိုနေတာလည်းတွေ့ရတယ်ပေါ့နော်။ အထူးသဖြင့် လုံခြုံရေးအခြေအနေ အဖွဲ့အစည်းအချင်းချင်းလုပ်ပိုင်ခွင့်ဆိုင်ရာကိစ္စတွေနဲ့ တာဝန်ခံမှုရှိစေရေးဟာကလည်း အဓိကစိန်ခေါ်မှုထဲမှာဖြစ်နိုင်တယ်ပေါ့နော်။

မေး။ တချို့ခရိုင်ထဲမှာ အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) လုပ်ငန်းတွင်ကျယ်လာတာနဲ့တစ်ဆက်ထဲ ကော်သူးလေတရားစီရင်ဘက် သက်ရောက်မှုတွေ ဘယ်လိုရှိလာလဲ။
ဖြေ။ ကျားဖြန့်လုပ်ငန်းတွေက အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းတစ်ခုတည်းမဟုတ်ဘဲ လူကုန်ကူးမှုတွေ အတင်းအကျပ် ရာဇဝတ်မှုကျူးလွန်စေမှုနဲ့အခြားတရားမဝင်လုပ်ငန်းတွေနဲ့ပါ ဆက်စပ်နေနိုင်ပါတယ်။ ဒီလုပ်ငန်းတွေက ကျယ်ပြန့်လာမယ်ဆိုရင် ဒေသအတွင်းလုံခြုံရေး ပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအပေါ် ထိခိုက်မှုပိုပြီးတော့ရှိလာနိုင်တယ်။ ဒါ့ကြောင့် တရားရေးဌာနအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်တာ ပြည်သူတွေကို အသိပညာပေးတာနဲ့ ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ကအရေးကြီးတယ်ပေါ့နော်။ တစ်ဖက်မှာလည်း လိမ်လည်မှုလုပ်ငန်းတွေက အတင်းအကျပ်ခိုင်းစေခံရတဲ့ လူကုန်ကူးခံရတဲ့သူတွေနဲ့ အမှန်တကယ်ကျူးလွန်သူတွေကို ခွဲခြားစိစစ်ဖို့လည်း လိုအပ်တယ်ပေါ့နော်။

မေး။ သင်တန်းအကြောင်းပြန်ဆက်ရရင် သင်တန်းမှာဖြစ်ဖြစ် တရားရေးဌာနဘက်မှာဖြစ်ဖြစ် အမျိုးသမီးပါဝင်မှုကိုရော ဘယ်လိုထည့်သွင်းစဉ်းစားပေးထားတာရှိလဲ။
ဖြေ။ ဒီသင်တန်းကျောင်းမှာ အမျိုးသမီး အမျိုးသားပါဝင်မှု ထည့်သွင်းစဉ်းစားထားပြီးတော့ လက်တွေ့မှာလည်း ၅၀/၅၀အချိုးနည်းကျပါ ပါဝင်နေတယ်ပေါ့နော်။ တရားရေးဌာနရဲ့ ရည်ရွယ်ချက်ကလည်း ကျား၊ မ မရွေး ဥပဒေရှေ့မှောက်မှာ တန်းတူညီမျှမှုရှိစေရေးနဲ့ ပြည်သူအားလုံးလက်လှမ်းမီရရှိစေဖို့ဖြစ်တယ်ပေါ့။

မေး။ နောက်ထပ် ဘာထပ်ဖြည့်စွက်ချင်တာရှိပါသလဲ။
ဖြေ။ နောက်ဆုံးအနေနဲ့ တရားမျှတမှုဆိုတာက တရားရေးဌာနတစ်ခုတည်းရဲ့တာဝန်မဟုတ်ဘဲနဲ့ ပြည်သူတွေအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး လူတစ်ဦးချင်းစီကနေပြီးတော့ ပူးပေါင်းတည်ဆောက်ရမယ့်အရာဖြစ်တယ်။ ဥပဒေနဲ့ တရားရေး ဆိုင်ရာအသိပညာတွေပိုမို ပြန့်ပွားလာပြီးတော့ ပြည်သူတွေကလည်းပဲ မိမိတို့ရဲ့အခွင့်အရေးကိုသိရှိ နားလည်လာမယ်ဆိုရင် တရားမျှတမှုရရှိရေးအတွက်ပိုမိုပြီးတော့ အထောက်အကူပြုနိုင်မှာဖြစ်တယ်။ ဒါ့ကြောင့်လူငယ်တွေအနေနဲ့ ဥပဒေပညာကိုစိတ်ဝင်စားစွာလေ့လာကြဖို့နဲ့ မိမိတို့ဒေသရဲ့ တရားရေးလုပ်ငန်းတွေမှာ တတ်နိုင်သလောက် ပါဝင်ကူညီပေးကြဖို့ကိုတိုက်တွန်းလိုပါတယ်။