Home သတင်း မြဝတီ-မဲဆောက် တံတား(၁)တွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ထိုင်းဘက် ကျောင်းသွားတက်သူများ အခက်တွေ့

မြဝတီ-မဲဆောက် တံတား(၁)တွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ထိုင်းဘက် ကျောင်းသွားတက်သူများ အခက်တွေ့

20
Photo: CJ

စက်တင်ဘာ (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနှင့်မြန်မာကိုဆက်သွယ်ထားသည့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်(၁)တွင် နေ့စဥ်ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားလျက်ရှိရာ မဲဆောက်ဘက်သို့ စာသင်ကျောင်းအကြို/အပို့လုပ်သည့် ယာဥ်များအရောက်နောက်ကျပြီး ကျောင်းသို့အချိန်မီရောက်ရေး အခက်အခဲကြုံနေရကြောင်း မိဘများနှင့် ယာဥ်မောင်းများက ပြောသည်။

ပြည်နယ်စစ်အုပ်စု၏ စက်သုံးဆီချွေတာရေး စုံရက်/မရက် ယာဉ်အသုံးပြုမှုကန့်သတ်ချက်ကို စက်တင်ဘာလ (၁၉) ရက်နေ့မှစ၍ ဖြေလျှော့ပေးခဲ့ပြီးနောက်ပိုင်း ချစ်ကြည်ရေးတံတား(၁)တွင် ယာဥ်ကြောပိတ်ဆို့မှု ပိုမိုဖြစ်ပွားလာခြင်းဖြစ်သည်။

အထူးသဖြင့် မြဝတီမှ မဲဆောက်ဘက်သို့ ဆီသွားဝယ်သည့်ယာဥ်များ တံတားပေါ် နေရာယူမှုများလာပြီး ယာဥ်ကြောပိတ်ဆို့ကုန်သဖြင့် ကျောင်းကြို/ပို့ယာဥ်အပါအဝင် ခရီးသည်နှင့်ဆေးရုံသုံးယာဥ်များ သွားလာရေးအခက်တွေ့နေသည်ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။

“မြဝတီဘက်ကကားတန်းဆိုရင် ဘုရင့်နောင်ဈေးကြီးကုန်းအထိ တန်းစီနေရတယ်။ ရပ်ကွက်လမ်းသွယ်တွေကနေ တံတားကို ဖြတ်ဝင်နေကြတော့ ကျောင်းကား၊ ဈေးဝယ်ကား၊ ခရီးသည်ကားနဲ့ ဆေးရုံ၊ ဆေးခန်းပြမယ့်ကားတွေ မဲဆောက်ဘက်ဝင်ဖို့ နာရီနဲ့ချီ စောင့်နေရတာ။ သက်ဆိုင်ရာက ဖမ်းရင်လည်း ခဏပဲ၊ ပြီးရင် ပြန်ပိတ်တာပါပဲ” ဟု အဆိုပါယာဥ်မောင်းက ပြောသည်။

ထို့ကြောင့် မဲဆောက်မြို့ဘက်ရှိ ဆာသူးလေ၊ သွေးသစ် စသည့် စာသင်ကျောင်းများနှင့် ထိုင်းအစိုးရ အထက်တန်း၊ အလယ်တန်းကျောင်းများ၊ ပုဂ္ဂလိကကျောင်းများသို့ သွားရောက် ပညာသင်ကြားနေသည့် ကျောင်းသူ၊ ကျောင်းသားများမှာ နေ့စဉ် ကျောင်းတက်နောက်ကျပြီး စာသင်ကြားရေး အခက်တွေ့နေရကြောင်းလည်း ကျောင်းသားမိဘများထံမှ သိရသည်။

ကျောင်းသားမိခင်တစ်ဦးက “ကျမတို့ကလေးက လေယာဉ်ကွင်းနားက ထိုင်းကျောင်းမှာ ထားတာ။ တံတားကူးဖို့က ၁၀ နာရီ၊ ၁၁ နာရီအထိ ကူးလို့မရတော့ ကလေး ကျောင်းနောက်ကျရော။ အခု မဲဆောက်ဘက်မှာ ကျောင်းဖွင့်ရက်နေပြီး ကျောင်းပိတ်ရက်မှ မြဝတီဘက် ပြန်လာနေရတယ်။ ကျောင်းသားကြီးတွေကိုတော့ အဆောင်စုငှားနေခိုင်းပြီး ကျောင်းတက်ခိုင်းရတယ်” ဟု ကေအိုင်စီကို ပြောသည်။

ထိုကိစ္စအပေါ် ပြည်နယ်စစ်အုပ်စုတာဝန်ရှိသူများက ထိရောက်စွာကိုင်တွယ်နိုင်ခြင်းမရှိခြင်းကြောင့် ထိုင်း-မြန်မာနယ်စပ်နေလူထုအကြား ဝေဖန်ပြောဆိုနေကြသည်။

ပြီးခဲ့သည့်လများတွင်လည်း ပြုပြင်ထားသည့်ဆီတိုင်ကီတပ် မြန်မာမော်တော်ယာဥ်များ ထိုင်းနိုင်ငံ၊ မဲဆောက်ဘက် စက်သုံးဆီအများအပြားလာဝယ်ကြရာမှ ဆီဖြည့်ချိန်ကြာမြင့်စွာပေးနေရခြင်းကြောင့် နယ်စပ်ရှိထိုင်းလူမျိုးအသိုင်းအဝိုင်းက ဝေဖန်ကြရာ ထိုင်းအာဏာပိုင်များမှ မြန်မာယာဥ်များကို အစစ်အဆေးတင်းကြပ်သည်အထိ လုပ်ဆောင်ခဲ့ခြင်းရှိသည်။