စက်တင်ဘာ (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး မြို့လယ်ခေါင်အပါအဝင် မြောက်ဘက်၊ အရှေ့မြောက်ဘက်၊ တောင်ဘက်နှင့် အရှေ့တောင်ဘက် ဒေသများ၌ ရေဘေးသင့်နေသဖြင့် ခရိုင် (၅၀) စလုံးကို အန္တရာယ်ဇုံအဖြစ် ဘန်ကောက်မြို့တော်ဝန်ရုံးက ယနေ့ (စက်တင်ဘာ ၂၆) နံနက်ပိုင်းတွင် တိုးချဲ့ကြေညာသည်။
ဘန်ကောက်မြို့တော်ဝန်သည် ယမန်နေ့(စက်တင်ဘာ ၂၅ ရက်နေ့)ကအထိ ဘန်ကောက်အရှေ့ပိုင်းခရိုင်(၃)ခုကိုသာ ရေဘေးသင့်နေရာအဖြစ် ကနဦးကြေညာထားသော်လည်း မိုးဆက်လက်ရွာသွန်းနေခြင်းကြောင့် ကျန်ရှိခရိုင်များကိုပါ အန္တရာယ်ဇုံအဖြစ် ထပ်တိုးခဲ့ခြင်းဖြစ်သည်။
သတ်မှတ်လိုက်သည့် ခရိုင်များတွင် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် သက်ဆိုင်ရာ ဌာနအသီးသီးသို့ ညွှန်ကြားထားပြီးဖြစ်ကြောင်းလည်း ဘန်ကောက်မြို့တော်ဝန်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် မြန်မာကျောင်းသူ/သား အများစု တက်ရောက်နေသော ပထုံဌာနီ၊ ရန်းဆစ်ဧရိယာတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသဖြင့် အတန်းအချို့ကို အွန်လိုင်းမှတစ်ဆင့် ပြောင်းလဲသင်ကြားနေရကြောင်း သိရသည်။
“မနေ့လည်ကတည်းက မိုးက အခုထိ ဆက်ရွာနေတာ။ အဲ့ဒါကြောင့်လည်း ပါမယ်။ ကျောင်းတွေအကုန်လုံး online class ပြောင်းထားရတယ်။ အရှေ့ဘက် လမ်းမကြီးဘက်ကတော့ ပိုဆိုးတယ်။ အရင်နှစ်တွေကတော့ တက္ကသိုလ်ရှိတဲ့ ဘက်ခြမ်းတွေပဲ ရေကြီးတာ” ဟု ဘန်ကောက်တက္ကသိုလ်တွင် ဘဏ္ဍာရေးပညာရပ်ကို သင်ယူနေသည့် ကရင်တိုင်းရင်းသူ နန်းဧကရီမြက ပြောသည်။
ထိုသို့ ဘန်ကောက် ဧရိယာအတွင်း ခရိုင် ၅၀ လုံးကို အန္တရာယ်ဇုန်အဖြစ် ကြေညာထားသည့်အထဲတွင် မြို့မြောက်ဘက်အစပ်နားရှိ Future Park Rangsit ကုန်တိုက်သို့ သွားရာ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ် လမ်းမကြီးတစ်လျှောက်၌ပါ ရေလွှမ်းမိုးမှုများဖြစ်ပေါ်နေသည်ဟု မြို့နေထိုင်သူများပြောပြချက်အရ သိရသည်။

ထို့အတူ ဘန်ကောက်မြို့ တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းရှိ ဆမွတ်ပရာကန်ခရိုင်ဘက်တွင်လည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စက်ရုံ/အလုပ်ရုံ အချို့၏ ပတ်ဝန်းကျင်နေရာများတွင် ရေလွှမ်းမိုးနေခြင်းရှိသည်။
ဆမွတ်ပရာကန်ရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသည့် မမေဇင်အောင်က “ဒီနေ့ အခြေအနေက နည်းနည်းပိုဆိုးလာတယ်။ အလုပ်ရုံကတော့ အမြင့်ကြီး ကာထားလို့ ရေမဝင်သေးဘဲ လမ်းမပေါ်မှာပဲ ရှိသေးတယ်။ ကျောက်ဖုရားမြစ်ဝအနီးက ရေထိန်းတံခါး ရေလွှတ်မယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရတော့ ရေပိုကြီးလာမှာ စိုးရိမ်ရတယ်” ဟု ကေအိုင်စီကို ပြောသည်။
သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ဘန်ကောက်အစိုးရအဖွဲ့ကလည်း ထိုင်းနိုင်ငံအနှံ့ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မိုးရေချိန် မြင့်မားမှုများကြောင့် ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သဖြင့် နာရီနှင့်အမျှ အခြေအနေများကို စောင့်ကြည့်ရန် အစိုးရဌာနများအားလုံးသို့ အကြောင်းကြားစာ ထုတ်ပြန်ထားသည်။
ထို့အပြင် ထိုင်းသတင်းဌာန Thai PBS World ၏ဖော်ပြချက်အရ ထိုင်းတော်ဝင်ဆည်မြောင်းဦးစီးဌာန၏ ယနေ့နံနက် ၉ နာရီ တိုင်းတာချက်တွင် ကျောက်ဖုရားမြစ်အတွင်း စီးဝင်သည့် ရေပမာဏသည် ၁ စက္ကန့်လျှင် ၁,၈၅၀ ကုဗမီတာမှ ၁,၉၅၀ ကုဗမီတာအထိ မြင့်တက်နေသည်။
ဘန်ကောက်မြို့တွင် လွန်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာနှင့် နိုဝင်ဘာလများအတွင်းကလည်း မိုးသည်းထန်ခြင်း၊ ဒီရေတက်ခြင်းနှင့် ကျောက်ဖုရားမြစ်ရေ မြင့်တက်ခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ဖူးသည်။


















