Home သတင်း နေပြည်တော်မှ အင်အား ၂၀၀ ပါ စစ်အုပ်စု သံတောင်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးနေ

နေပြည်တော်မှ အင်အား ၂၀၀ ပါ စစ်အုပ်စု သံတောင်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးနေ

20
Photo : KIC (ပုံဟောင်း)

စက်တင်ဘာ (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

နေပြည်တော်နယ်မြေရှိ အင်အား(၂၀၀)ဝန်းကျင်ပါ စစ်အုပ်စုတပ်ဖွဲ့က ပျဉ်းမနားအရှေ့ခြမ်း ကရင်ဖြူဒေသမှတဆင့် ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်းရှိ ကျေးရွာများဘက်သို့ ယခု စက်တင်ဘာလနောက်ဆုံးအပတ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာနေသည်ဟု ဒေသအခြေစိုက် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။

အဆိုပါ စစ်အုပ်စုစစ်ကြောင်းသည် စက်တင်ဘာလ (၂၃) ရက် နံနက် ၈ နာရီခန့်တွင် ရေနီ၊ အောင်နန်းချို၊ တဲစု စသည့်ကျေးရွာများမှတဆင့် သံတောင်ကြီးမြောက်ပိုင်းသို့‌ချီတက်လာရာ ယနေ့၊ စက်တင်ဘာ(၂၅)ရက်နေ့တွင် ချဉ်ပတောင် ရွာအနီးဝန်းကျင်ကိုရောက်ရှိလာကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

“အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာ။ အခု ချဉ်ပတောင်ဘက်ကိုရောက်လာပြီ။ ဘာရည်ရွယ်ချက်နဲ့လဲဆိုတာတော့ မသိရသေးဘူး။ ဘယ်လို လှုပ်ရှားမှုတွေ ဆက်လုပ်လာမလဲဆိုတာ စောင့်ကြည့် နားထောင်နေဆဲပဲ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အတူ စစ်ကြောင်းထိုးလာစဥ်တွင် ၎င်းတို့စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်းကလည်း နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ စစ်အုပ်စု ကာကင်းစခန်းတစ်ခုကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းအင်အားဖြင့် တိုက်ခိုက်သိမ်းယူခဲ့ဖူးသည်။ ထိုနောက်ပိုင်းတွင် စစ်အုပ်စုက ပဲခူးနှင့်ကရင်အစပ်နယ်မြေများသို့ အုပ်စုဖွဲ့စစ်ကြောင်းထိုးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်ခဲ့သလို လေယာဥ်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံများ ကာလအတော်ကြာ စစ်ဘေးရှောင်ခဲ့ရသေးသည်။

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တောင်ငူခရိုင်၊ တပ်မဟာ(၂)အုပ်ချုပ်နယ်မြေအတွင်းရှိ၍ လက်နက်ကိုင်စစ်ရေးလှုပ်ရှားမှုတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပါဝင်ပြီး တဖက်က စစ်အုပ်စုနှင့်တိုက်ပွဲများစွာဖြစ်ပွားခဲ့သည်။