Home သတင်း ကရင်နီ၊ ဒီးမော့ဆိုက ကိုယ်ဝန်ဆောင် စစ်ရှောင်အမျိုးသမီးတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်

ကရင်နီ၊ ဒီးမော့ဆိုက ကိုယ်ဝန်ဆောင် စစ်ရှောင်အမျိုးသမီးတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်

19
Photo: Karenni People's Voice

စက်တင်ဘာ (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် ယမန်နေ့၊ စက်တင်ဘာလ (၂၂ ) ရက် နံနက်ပိုင်းက အသက် (၂၁) နှစ်အရွယ် ကိုယ်ဝန်ဆောင် စစ်ရှောင်အမျိုးသမီးတစ်ဦး အဆုံးစီရင်ကာ သေဆုံးသွားကြောင်း နီးစပ်သူများနှင့် ဒေသခံများထံမှ သိရသည်။

အဆိုပါကိုယ်ဝန်ဆောင်သည်၏ အမျိုးသားဖြစ်သူက ယမန်နေ့ နံနက် (၆) နာရီဝန်းကျင်တွင် ရေအိမ်မှအပြန် ၎င်း၏ဇနီးဖြစ်သူကို အဆုံးစီရင်ကာသေဆုံးလျက် တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

အင်တာနက်လိုင်းရရှိသည့် နံနက် (၉) နာရီဝန်းကျင်တွင် ဒေသခံဆေးအဖွဲ့များကို ဆက်သွယ်ပြီးနောက် ကူညီမှုရရှိခဲ့သော်လည်း မိခင်နှင့် အသက်(၉)လရှိ သန္ဓေသားပါ သေဆုံးသွားကြောင်း ဆေးကုသမှုသွားရောက်ပေးခဲ့သည့် ကျန်းမာရေးအဖွဲ့မှ သိရသည်။

“ကျနော်တို့ သိရတဲ့အချိန်က ၉ နာရီခွဲလောက်ဆိုတော့ လူက တောင့်တင်းနေပြီ။ ဖြစ်ဖြစ်ပြီးချင်း နာရီပိုင်းအတွင်း ကလေးကို ထုတ်လိုက်ရင် မီကောင်းမီနိုင်သေးတယ်၊ ဒါပေမဲ့ ရောက်သွားတဲ့အချိန်မှာ ကလေးလည်း အသက်မရှိတော့ဘူး” ဟု ဒေသခံ ဆရာဝန်တစ်ဦးက ပြောသည်။

လက်ရှိ ကရင်နီဒေသနယ်မြေအချို့တွင် မလုံခြုံမှု၊ စားဝတ်နေရေး ခက်ခဲကျပ်တည်းမှုနှင့်အတူ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု၊ လောင်းကစား ကိစ္စများ ပေါများလာမှုနောက်ဆက်တွဲကြောင့် မိသားစုများမှာ စိတ်ဖိစီးမှု ပိုမိုခံစားနေရကြောင်း ကရင်နီဒေသခံများက ထောက်ပြသည်။

ဒီးမော့ဆိုစစ်ရှောင်အမျိုးသမီးတစ်ဦးက “စစ်ရေးမလုံခြုံတာ၊ စားဝတ်နေရေး ခက်ခဲတာတွေအပြင် မူးယစ်ဆေးနဲ့ လောင်းကစားကြောင့် မိသားစုဝင်တွေ စိတ်ဖိစီးမှု ပိုဖြစ်လာကြတယ်။ ဒါတွေကြောင့် ကိုယ့်ကိုယ်ကို အရှုံးပေးလိုက်ကြသူတွေလည်း နောက်ပိုင်း ပိုများလာတယ်” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် စစ်အုပ်စုသည် လေကြောင်းနှင့်လက်နက်ကြီးအသုံးပြုပြီး နယ်မြေအတွင်းရှိ ကျေးရွာများ၊ စစ်ရှောင်စခန်းများသို့ ပစ်ခတ်တိုက်ခိုက်လေ့ရှိခြင်းကြောင့် လူထုထိခိုက်သေဆုံးမှု မကြာခဏဖြစ်ပွားနေခြင်းရှိကြောင်း ဒေသခံများက ဆိုသည်။

ထို့အတူ စစ်ဘေးရှောင်(၂)သိန်းကျော်ရှိနေသည့် ကရင်နီတွင် စစ်ဘေးဒဏ်ခံ အမျိုးသမီးနှင့်ကလေးအပါအဝင် ပြည်သူအများစုသည် စိတ်ဒဏ်ရာ၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ကျဝေဒနာများကို ခံစားနေရပြီး ကျန်းမာရေးစောင့်ရှောက်အကူအညီ လိုအပ်နေသည်ဟုလည်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။