စက်တင်ဘာ (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်လူထုအကျိုးအတွက် ပါဝင်ကူညီဆောင်ရွက်နေသည့် အသက် (၃၅) နှစ်အောက် ကရင်လူငယ်ခေါင်းဆောင်များကို ဂုဏ်ပြုသည့်အနေဖြင့်ချီးမြှင့်မည့် ၂၀၂၆ ခုနှစ်၏ “ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု” ရှင် အမည်စာရင်းများကို စတင်လက်ခံနေပြီဖြစ်ကြောင်း ဖန်းဖောင်ဒေးရှင်းက ယနေ့ (စက်တင်ဘာ ၂၃ ရက်) တွင် ထုတ်ပြန်သည်။
(၁၇) ကြိမ်မြောက် ချီးမြှင့်မည့် အဆိုပါဆုသည် ကရင်လူထုအသိုင်းအဝိုင်းတွင် လက်တွေ့ ကြိုးပမ်းအားထုတ်နေသူများကို ဖော်ထုတ်ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
ထို့ကြောင့် ကရင်လူထု၊ ခေါင်းဆောင်များအနေဖြင့် မိမိတို့အသိုင်းအဝိုင်းအတွက် အကောင်းဆုံးလုပ်ဆောင်ပေးနေသူများ၏ အမည်စာရင်းများကို တင်သွင်းနိုင်ပြီဖြစ်သည်ဟု ဖောင်ဒေးရှင်းက ဆိုသည်။
“ဒီဆုက မိမိတို့လူမျိုးအတွက် ပေးဆပ်ကူညီနေသူတွေကို အသိအမှတ်ပြုရုံမျှမက၊ ကျန်ရှိနေတဲ့ ကျမတို့အားလုံးအတွက်ပါ ခွန်အားနဲ့ စိတ်ဓာတ်တက်ကြွဖွယ်ရာ လှုံ့ဆော်မှုတစ်ခု ဖြစ်ပါတယ်” ဟု ဖန်းဖောင်ဒေးရှင်း၏ ပူးတွဲတည်ထောင်သူနှင့် ဒါရိုက်တာ နန့်ဘွားဘွားဖန်းက ထုတ်ပြန်ချက်တွင် ပြောသည်။
ဆုအတွက် အမည်စာရင်းတင်သွင်းရာတွင် ကမ္ဘာတစ်ဝန်း၊ မည်သည့်နေရာတွင်မဆို နေထိုင်သည့် အသက် ၃၅ နှစ်အောက် ကရင်လူငယ် များအား လွတ်လပ်စွာ ပါဝင်နိုင်သလို ယခင်က စာရင်းတင်သွင်းခဲ့ဖူးပြီး ဆုမရရှိခဲ့သူများကိုပါ ပြန်လည်တင်သွင်းခွင့်ပြုထားသည်။
ထို့အပြင် အမည်စာရင်းများကို ကရင်၊ မြန်မာ သို့မဟုတ် အင်္ဂလိပ်ဘာသာတို့ဖြင့် ရေးသား၍ နန့်ဘွားဘွားဖန်း၏ အီးမေးလ် bwabwa.phan@phanfoundation.org သို့ လာမည့် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်က ဖော်ပြသည်။
ဆုရရှိသူအား ၂၀၂၇ ခုနှစ် အစောပိုင်းတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅,၀၀၀ နှင့်တကွ ဖန်းဖောင်ဒေးရှင်း၏ ဂုဏ်ပြုဆုကို ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ဖန်းဖောင်ဒေးရှင်းကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၏ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုမန်းရှာလားဖန်းနှင့် ဇနီးဖြစ်သူ နန့်ကျင်ရွှေတို့အား ဂုဏ်ပြုသောအားဖြင့် ၎င်းတို့၏ သားသမီးများက ၂၀၀၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
တည်ထောင်ပြီးနောက်တွင် ကရင်လူထုအတွင်း ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ပညာရေး၊ လူ့အခွင့်အရေး၊ ယဉ်ကျေးမှု ထိန်းသိမ်းရေးနှင့် စစ်ဘေးဒုက္ခသည်များအတွက် အရေးပေါ် အကူအညီပေးရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


















