Home သတင်း ဝင်းဝစခန်းကို အင်အားလာဖြည့်သည့် စစ်အုပ်စုစစ်ကြောင်းကြောင့် ရွာသား(၁)ဦးသေဆုံး၊ (၁)ဦးဒဏ်ရာရဟု ကေအဲန်ယူထုတ်ပြန်

ဝင်းဝစခန်းကို အင်အားလာဖြည့်သည့် စစ်အုပ်စုစစ်ကြောင်းကြောင့် ရွာသား(၁)ဦးသေဆုံး၊ (၁)ဦးဒဏ်ရာရဟု ကေအဲန်ယူထုတ်ပြန်

28
Photo: SAC (ပုံဟောင်း)

စက်တင်ဘာ (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)၊ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို/သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာရှိ ဝင်းဝတပ်စခန်းသို့အင်အားဖြည့်ရန် စက်တင်ဘာ(၂၀)ရက်နေ့မှစ၍ ဝင်ရောက်လာသော စစ်အုပ်စုစစ်ကြောင်းကြောင့် ရွာခံအမျိုးသား(၁)ဦးသေဆုံးပြီး အမျိုးသမီး(၁)ဦး ဒဏ်ရာရရှိကြောင်း ကေအဲန်ယူက ထုတ်ပြန်သည်။

ယမန်နေ့၊ စက်တင်ဘာ(၂၄)ရက်ဖြင့် အဆိုပါထုတ်ပြန်ချက်တွင် စစ်အုပ်စု၏ခြေမြန်တပ်ရင်း ခမရ-၄၀၃၊ ၄၀၄၊ ၄၀၅ တပ်ဖွဲ့ဝင်များပါဝင်သည့် အင်အားပူးပေါင်းစစ်ကြောင်းသည် ဝင်းဝတပ်စခန်းသို့အင်အားဖြည့်ရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း ဖော်ပြသည်။

စစ်ကြောင်းဝင်လာရာလမ်းကြောရှိ လဘရွာသို့ စက်တင်ဘာ(၂၁)ရက်နေ့က ဝင်ရောက်၍ စစ်အုပ်စုတပ်ဖွဲ့ဝင်များက ရွာသား(၃)ဦးကို ဖမ်းဆီးနှိပ်စက်ခဲ့ရာ (၁)ဦးသေဆုံးသွားသည်ဟု ကေအဲန်ယူက ဆိုသည်။

ထို့အပြင် ထားဝယ်အခြေစိုက် သတင်းအရင်းအမြစ်တစ်ခုတွင်ဖော်ပြချက်အရ သေဆုံးသူ၌ ညှင်းပန်းခံရသည့်ဒဏ်ရာများ ရှိနေသည်။ ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာသူ ကျန်(၂)ဦးအနက် (၁)ဦးသည်လည်း ရိုက်နှက်ခံခဲ့ရကြောင်း ကေအဲန်ယူနှင့် ထိုထားဝယ်သတင်းအရင်းအမြစ်မှ သိရသည်။

ထို့အတူ ယမန်နေ့တွင် အဆိုပါစစ်အုပ်စုစစ်ကြောင်းက စုံစင်ဖျားရွာသို့ ဒရုန်းဗုံးချတိုက်ခိုက်ခြင်းကြောင့် ရွာခံအမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ဝင်းဝတပ်စခန်းသည် မြိတ်–ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမတစ်လျှောက် သရက်ချောင်းမှ ပလောက်အထိ ကျန်ရှိနေသည့် တစ်ခုတည်းသော စစ်အုပ်စုတပ်စခန်းဖြစ်၍ ဗျူဟာအရလည်း အရေးပါသောစခန်းဖြစ်သည်။

အဆိုပါစခန်းကို ယခု ၂၀၂၆ ခုနှစ်၊ မတ်လတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

သို့ရာတွင် နယ်မြေထဲသို့ စစ်အုပ်စုက လေကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်မှု၊ နယ်မြေရှင်းလင်းမှုများ လက်ရှိအချိန်ထိ လုပ်ဆောင်နေခြင်းကြောင့် ဒေသခံများ နေရပ်ပြန်ဝင်ရောက်ရန် အခက်အခဲရှိနေကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လတစ်လလုံး သရက်ချောင်းမြို့နယ်အတွင်း စစ်အုပ်စုစစ်ကြောင်းထိုးဝင်လာခဲ့ရာ အရပ်သားလူငယ်တစ်ချို့ ပစ်ခတ်သတ်ဖြတ်ခံရခြင်းရှိခဲ့သည်။