Home သတင်း မွန်၊ ကရင်နှင့် ပအိုဝ်း လူငယ်နိုင်ငံရေး နှီးနှောဖလှယ်ပွဲ ကျင်းပ

မွန်၊ ကရင်နှင့် ပအိုဝ်း လူငယ်နိုင်ငံရေး နှီးနှောဖလှယ်ပွဲ ကျင်းပ

25
Photo: (NRFF)

စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မွန်၊ ကရင်နှင့် ပအိုဝ်း လူငယ်နိုင်ငံရေး နှီးနှောဖလှယ်ပွဲတစ်ရပ်ကို ယခု စက်တင်ဘာလအတွင်း ပထမဆုံးအကြိမ် ကျင်းပခဲ့ကြောင်း ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) က သတင်း ထုတ်ပြန်ထားသည်။

ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) မှ ကမကထပြုပြီး နှစ်ရက်တာ ကျင်းပခဲ့သည့် အဆိုပါ နှီးနှောဖလှယ်ပွဲသို့ မွန်၊ ကရင်နှင့် ပအိုဝ်း အဖွဲ့အစည်း/အင်အားစု (၉) ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ထို့အပြင် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နှင့် ကရင်လူငယ်အစည်းအရုံး (KYO-ဗဟို) တို့မှ ခေါင်းဆောင်များက တက်ရောက်ပြီး အားပေးစကားများ ပြောကြားခဲ့ကြသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo: (NRFF)

ဆွေးနွေးပွဲအတွင်း အဖွဲ့အစည်းများအကြား အပြန်အလှန် သိရှိနားလည်မှုနှင့် ယုံကြည်မှု တည် ဆောက်နိုင်ရေး ဆွေးနွေးခဲ့ကြသည့်အပြင် မွန်ပြည်နယ်အတွင်း တော်လှန်ရေးကြိုးပမ်းမှုများ အပါအဝင် လက်ရှိ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများကိုပါ သုံးသပ်ဖလှယ်ခဲ့ကြသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အလားတူ လက်ရှိ တော်လှန်ရေးနှင့် နိုင်ငံရေး ဦးဆောင်မှုကဏ္ဍများတွင် လူငယ်များ၏ ပါဝင်မှုကို စုပေါင်းသုံးသပ်ခဲ့ကြပြီး၊ အနာဂတ်တွင် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် လက်တွေ့ကျသည့် အစီအစဉ်များ ချမှတ်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်ဟု ဆိုသည်။

ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) သည် လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်မှစတင်၍ မွန်လူငယ် နိုင်ငံရေးဆွေးနွေးပွဲများအပြင် မွန်-တနင်္သာရီနှင့် မွန်-ထားဝယ် အင်အားစုများအကြား တွေ့ဆုံဆွေးနွေးပွဲများကိုလည်း ဆက်တိုက် ကျင်းပပြုလုပ်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။