Home သတင်း ဘုရားသုံးဆူ၊ ဗျူဟာကုန်းသို့ စစ်အုပ်စုက အရပ်သားယာဉ်များအသုံးပြု အင်အား ရာချီဖြည့်တင်းနေ

ဘုရားသုံးဆူ၊ ဗျူဟာကုန်းသို့ စစ်အုပ်စုက အရပ်သားယာဉ်များအသုံးပြု အင်အား ရာချီဖြည့်တင်းနေ

27
Photo: CJ

စက်တင်ဘာ (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ရှိ စစ်အုပ်စု ဗျူဟာကုန်းစခန်းသို့ အရပ်သား ခရီးသည်တင်ယာဉ်များ အသုံးပြုပြီး စစ်အုပ်စုက အင်အားအများအပြား ဖြည့်တင်းလျက်ရှိရာ ယခု၊စက်တင်ဘာလအထိ အင်အားရာနှင့်ချီရှိ‌လာကြောင်း မော်တော်ယာဉ်မောင်းများထံမှ သိရသည်။

စစ်အုပ်စုက အင်အားပို့ရန် အရပ်သားအသွင်ယူပြီး မုဒုံ-ကြာအင်းဆိပ်ကြီး လမ်းပိုင်းတွင်သွားလာနေသည့် အရပ်သားအိမ်စီးမော်တော်ယာဉ်များ၊ ခရီးသည်တင် မော်တော်ယာဉ်များကို အသုံးပြုနေခြင်းဖြစ်သည်။

ထို့နောက် စစ်အုပ်စုတပ်ဖွဲ့ဝင်အရာရှိများအပါအဝင် တပ်သားသစ်များကို ကြာအင်းဆိပ်ကြီး တပ်နယ်မှတစ်ဆင့် ဘုရားသုံးဆူ ဗျူဟာကုန်း/တပ်ကုန်းစခန်းနှင့် အခြားစခန်းများသို့ ပို့ဆောင်နေကြောင်း ဘုရားသုံးဆူ-မော်လမြိုင်ယာဉ်မောင်းတစ်ဦးက ဆိုသည်။

“စစ်ကူသယ်တာ ခရီးသည်တင်ကားတွေနဲ့ကြာအင်းဆိပ်ကြီးတပ်ဘက်ကနေ လူစုပြီး သုံးဆူကို ဝင်ကြတာ။ လက်နက်ကြီးကုန်း၊ တပ်ကုန်းနဲ့ဂေါက်ကွင်းနားကရဲစခန်းတွေမှာ စစ်တပ်(စစ်အုပ်စု) ရှိနေတယ်” အဆိုပါယာဉ်မောင်းက ပြောသည်။

စစ်အုပ်စုက ထိုသို့စစ်အင်အားများ ပေးပို့‌နေခြင်းမှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကတည်းကဖြစ်၍ ယခု၊ စက်တင်ဘာအထိ (၃)နှစ်နီးပါးကာလအတွင်း လူ(၇၀၀) ဝန်းကျင်ရှိနိုင်ကြောင်းလည်း တော်လှန်ရေးအင်အားစုများက ခန့်မှန်းနေကြသည်။

Photo: CJ

ထို့အပြင် ပြည်နယ်စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့သည် ဘုရားသုံးဆူ၊ သံဖြူဇရပ်၊ ကြာအင်းဆိပ်ကြီး၊ မော်လမြိုင်နှင့် မုဒုံ လမ်းပိုင်းများတွင် ထိုင်းကုန်စည်နှင့် ခရီးသည်တင် ယာဉ်မောင်းများအဖြစ် အသွင်ယူထားခြင်းရှိပြီး အချို့မှာလည်း ၎င်းတို့မိသားစုဝင်များကိုပါ ခေါ်ယူ၍ ဘုရားသုံးဆူမြို့ထဲသို့ ပြောင်းရွှေ့အခြေချ စီးပွားရေးလုပ်ကိုင်နေသည်ဟု ဘုရားသုံးဆူမြို့ခံအသိုင်းအဝိုင်းက ဆိုသည်။

ဘုရားသုံးဆူ ဒေသခံတစ်ဦးက “သုံးဆူမှာ လူစုံပဲ။ တချို့ဆို လက်နက်ကိုင်တပ်ထဲဝင်၊ စီးပွားရေးလုပ်၊ တရုတ်ကားမောင်း၊ ဈေးဆိုင်ဖွင့်ပြီး မိသားစုတွေပါ အခြေချနေကြတာများလာတယ်။ ထွေအုပ်ရုံး၊ ဗျူဟာကုန်းဘက်တွေမှာလည်း အဝင်အထွက် အမြဲရှိနေတာ တွေ့ရတယ်” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် ဘုရားသုံးဆူရှိ စီးပွားရေးလုပ်ငန်းရှင်အချို့သည်လည်း စစ်အုပ်စုခိုင်းစေသည့်အတိုင်း ရုံးဌာနဆိုင်ရာကိစ္စများ၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပို့ဆောင်ရေးကိစ္စများတွင် အရပ်သားယာဉ်များအသုံးပြုပြီး အကူအညီပေးနေရခြင်းရှိသည်ဟု ဆိုသည်။

လက်ရှိ ဘုရားသုံးဆူမြို့ကို ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA က ထိန်းချုပ်ထားသည်ဟု ဆိုသော်လည်း မြို့အုပ်ချုပ်ရေး၊ စည်ပင်သာယာရေး၊ ပညာရေးနှင့် ကျန်းမာရေး ကိစ္စအချို့ကို စစ်အုပ်စုဌာနဆိုင်ရာများဖြင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။ နယ်စပ်ဂိတ် အကောက်အခွန်နှင့် စီးပွားရေးလုပ်ပိုင်ခွင့်များကိုမူ DKBA က ကြီးကြပ်လုပ်ကိုင်နေကြောင်း သိရသည်။

ထို့အတူ ပြီးခဲ့သည့်လပိုင်းတွင် စစ်အုပ်စု၏ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဘုရားသုံးဆူမြို့အား လွှဲပြောင်းယူကာ ၎င်းတို့စစ်အုပ်ချုပ်ရေးယန္တရား အပြည့်အဝလည်ပတ်နိုင်ရေး DKBA ထံ ဖိအားပေးပြောဆိုမှုရှိခဲ့သည်ဟု သတင်းများပေါ်ထွက်ခဲ့သေးသည်။ သို့သော် ယခု စက်တင်ဘာလအထိ လုံခြုံရေးနှင့် အုပ်ချုပ်ရေးပိုင်းတစ်စုံတစ်ရာ ပြောင်းလဲမှုမရှိသေးကြောင်း DKBA နှင့်နီးစပ်သည့်သတင်းအရင်းအမြစ်က ဆိုသည်။