Home သတင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး မဲဆောက်တွင် အပတ်စဥ် ဆုတောင်းပွဲ စတင်

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး မဲဆောက်တွင် အပတ်စဥ် ဆုတောင်းပွဲ စတင်

62
Photo: Aung Aung

စက်တင်ဘာ (၁၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

စစ်အုပ်စု၏ဖမ်းဆီးအကျဥ်းချခံထားရသူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ စုပေါင်းပြီး အပတ်စဉ် အင်္ဂါနေ့တိုင်း ပြုလုပ်မည့် ဆုတောင်းပွဲကို စတင်လိုက်ကြောင်း သိရသည်။

မဲဆောက်မြို့ရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွင် ယနေ့၊ စက်တင်ဘာလ (၁၅) ရက်၊ နံနက်ပိုင်းက အဆိုပါဆုတောင်းပွဲကို စတင်ကျင်းပလိုက်ခြင်းဖြစ်ပြီး အချုပ်အနှောင်ခံနေရသူများ အမြန်ဆုံးလွတ်မြောက်ရန် ရည်ရွယ်၍ ဆုတောင်းပြည့်စေတီနေရာတွင် စုဝေး တောင်းဆုပြုကြသည်ဟု ဦးဆောင်သူများက ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အင်္ဂါထောင့်မှာ ကျနော်တို့ ပန်း၊ ရေချမ်း၊ ဆီမီး လှူဒါန်းပါတယ်။ ဩကာသ ကန်တော့၊ ငါးပါးသီလခံပြီး မေတ္တာသုတ် (၃) ကြိမ် ရွတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲမှာ ကျန်းမာ၊ ချမ်းသာစွာရှိဖို့နဲ့ အချုပ်အနှောင်ကနေ အမြန်ဆုံး လွတ်မြောက်ဖို့အတွက် ဆုတောင်းခဲ့ကြတာပါ” ဟု ပွဲဦးဆောင်သူတစ်ဦးက ပြောသည်။

ထို့အပြင် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေရသူများ၊ ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ(IDPs) များနှင့် နိုင်ငံ့ခေါင်းဆောင်များ လွတ်မြောက်ရေး ဆုတောင်းပြုလုပ်သည့် အဆိုပါပွဲကို မဲဆောက်ရောက် နိုင်ငံရေးဝန်းရံသူများအနေဖြင့်လည်း လာရောက်ပါဝင်ကြရန် ပွဲပူးပေါင်းလာသူများက တိုက်တွန်းကြခြင်းရှိသည်။

Photo: Aung Aung

NLD ပါတီဝင် အမျိုးသမီးတစ်ဦးက “ဒီပွဲမှာ အဓိက အရေးကြီးတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ပါပဲ။ ပြည်သူ့ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ တတ်သိပညာရှင်တွေ လွတ်မြောက်ဖို့အတွက် စုစုစည်းစည်းနဲ့ လာရောက်ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ကေအိုင်စီကို ပြောသည်။

အဆိုပါ ဆုတောင်းပွဲ အစီအစဉ်ကို မဲဆောက်မြို့ရှိ ဗုဒ္ဓဘာသာ အထိမ်းအမှတ် စေတီပုထိုးများသို့ လှည့်လည်သွားရောက်ခြင်းဖြင့် အပတ်စဉ် အင်္ဂါနေ့တိုင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းလည်း ပွဲဦးဆောင်သူများက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စက်တင်ဘာလ ၁၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းရှိ အကျဥ်းထောင်များတွင် စစ်အုပ်စု၏ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသူ စုစုပေါင်း (၃၁,၉၂၀) ဦး ရှိပြီဖြစ်သည်။ ထိုအထဲတွင် ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄,၈၁၁) ဦးနှင့် အတည်ပြုရန် လိုအပ်နေဆဲသူ (၇,၈၇၄) ဦး ရှိကြောင်းလည်း AAPP က ဖော်ပြထားသည်။