Home သတင်း စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီးလင်းရှိ စာသင်ကျောင်းများ ပိတ်ထားရ

စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီးလင်းရှိ စာသင်ကျောင်းများ ပိတ်ထားရ

29
Photo: KNU

စက်တင်ဘာလ ၃၀ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် စာသင်ကျောင်းများ ပိတ်ထားရပြီး ဘေးလွတ်ရာတွင် ပြောင်းရွှေ့စာသင်နေရကြောင်း ဒေသခံများနှင့် ကေအဲန်ယူတာဝန်ရှိသူများထံမှ သိရသည်။

ကြသောင်းဆိပ်/ယိုကလား ကျေးရွာအုပ်စုအတွင်း ပြီးခဲ့သည့် စက်တင်ဘာ (၁၉) ရက်နေ့က စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း(၂)ကျောင်းအပါအဝင် ဒေသခံနေအိမ်များ ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်သည်။ ထိုနောက်ပိုင်း အနီးအနားဝန်းကျင်ရှိ ကျေးရွာများတွင်လည်း စာသင်ကျောင်းမှာ စာမသင်ရဲကြတော့ဘဲ လုံခြုံသည့်နေရာများ၌ ပြောင်းရွှေ့ သင်ကြားနေရသည်ဟု ဒေသခံများက ပြောသည်။

“ယိုကလား အနီးအနားက အခြားရွာတွေ ဒူးသထူခရိုင်ထဲက မြို့နယ်တွေမှာ ကလေးတွေ ကျောင်းမှာ စာမသင်ရဲကြတော့ဘူး။ လေယာဉ်ကိုကြောက်ကြသလို ယိုကလားကျောင်းလို တိုက်ခိုက်ခံရမှာ စိုးရိမ်လို့ ကျောင်းထဲ စာမသင်တော့ဘဲ ကျောင်းကော်မတီတွေက လုံခြုံတဲ့နေရာမှာပဲ စီစဉ်ပေးနေကြတာပါ” ဟု ကေအဲန်ယူ သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။

ကေအဲန်ယူဗဟို၏ထုတ်ပြန်ချက်အရ ယိုကလားရွာ လေကြောင်းတိုက်ခိုက်ခံရသည့်ဖြစ်စဥ်တွင် ဝန်ထမ်းနေအိမ်နှင့် ရွာထဲရှိ အရပ်သားနေအိမ် ၃၈ လုံးလည်း ထိခိုက်ပျက်စီးမှုအတွင်း ပါဝင်ခဲ့သည်။

ကရင်ပညာရေးနှင့်ယဥ်ကျေးမှုဌာန(KECD) လက်အောက်ရှိ ယိုကလားစာသင်ကျောင်း(၂)ကျောင်းမှာမူ စာသင်ကျောင်းတစ်ကျောင်း၌ ကျောင်းအဆောက်အအုံများလုံးဝပျက်စီးသွားသလို နောက်ထပ်ကျောင်းတစ်ကျောင်းမှာလည်း ထိခိုက်ပျက်စီးမှုအနည်းနှင့်အများရှိခဲ့ကြောင်း သိရသည်။

ဒေသခံ ကျောင်းဆရာမတစ်ဦးက “ကြသောင်းဆိပ်ရွာကျောင်းကို ဗုံးကြဲတိုက်ခိုက်ခံရကတည်းက ကျမတို့ကျောင်းလည်း ပိတ်လိုက်ရတယ်။ ကျောင်းထဲမှာ စာမသင်ရဲတော့ဘူး။ အရင်ကဆိုရင် စာသင်ကျောင်းထဲမှာ စာသင်ရဲသေးတယ်။ အဲ့လိုဖြစ်ကတည်းက ကလေးတွေ စာမနောက်ကျအောင် အခုချိန်ထိ လုံခြုံတဲ့နေရာမှာပဲ စာသင်ပေးနေရပါတယ်” ဟု ကေအိုင်စီကို ပြောသည်။

စစ်အုပ်စုက စစ်ရေးပြစ်မှတ်မဟုတ်သည့်အရပ်သားပြည်သူများ နေထိုင်ရာနှင့် ပညာရေးအဆောက်အအုံများကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း ၎င်းတို့စစ်တပ်လော်ဘီ တယ်လီဂရမ်များကမူ တိုင်းရင်းသားလက်နက်ကိုင်များ ရှိနေခြင်းကြောင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ဝါဒဖြန့်သတင်းလွှင့်နေသည်။

ယခု စက်တင်ဘာလအတွင်း တပ်မဟာ(၁)၊ သထုံခရိုင်၌ လေကြောင်းတိုက်ခိုက်မှု ခပ်စိတ်စိတ်ရှိနေပြီး စစ်အုပ်စု တပ်ရင်း တပ်စခန်းများဘက်ကနေ၍လည်း ကျေးရွာများထဲကို လက်နက်ကြီးနေ့စဥ်လိုလို ပစ်ခတ်နေခြင်းကြောင့် မကြာခဏ လူထိခိုက်သေဆုံးမှုရှိနေသည်ဟု ဒေသခံများက ပြောသည်။