Home သတင်း ကျိုက်ထိုတွင် စစ်အုပ်စု လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် (၉) နှစ်အရွယ် ကလေးငယ် ထိခိုက်ဒဏ်ရာရ

ကျိုက်ထိုတွင် စစ်အုပ်စု လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် (၉) နှစ်အရွယ် ကလေးငယ် ထိခိုက်ဒဏ်ရာရ

27
Photo: CJ

စက်တင်ဘာ (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ ဒူးသထူ(သထုံ)ခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် စက်တင်ဘာလ ၂၄ ရက်နေ့က စစ်အုပ်စု လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် (၉) နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ်တာဝန်ရှိသူထံမှ သိရသည်။

ထိုနေ့ ညနေ ၄ နာရီ မိနစ် ၄၀ ခန့်တွင် စစ်အုပ်စု၏ အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်မှ ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခဲ့ရာ ကျိုက်ထိုမြို့နယ်၊ အလူးကျေးရွာအုပ်စု၊ ရှမ်းစုရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

လက်နက်ကြီးကြောင့် ရှမ်းစုရွာနေ အသက် (၉) နှစ်အရွယ် ယောင်္ကျားလေး(၁)ဦး ဘယ်လက်မောင်းတွင် ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု မြို့နယ်တာဝန်ရှိသူက ဆိုသည်။
ယင်းမတိုင်မီကလည်း ကာမီကာဇေ(အသေခံ)ဒရုန်းတစ်စီးဖြင့် စစ်အုပ်စုက တကူးပူ (ငှက်ပျောတော) ကျေးရွာအုပ်စု၊ ဇီးကုန်းရွာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒေသခံပိုင်ဆိုင်သည့် ကုန်စုံဆိုင်နှင့် သုံးဘီးဆိုင်ကယ်တစ်စီး ထိခိုက်ပျက်စီးမှုရှိခဲ့သည်။

Photo: CJ

ထို့အပြင် ကေအဲန်ယူတပ်မဟာ(၁)ဘက်က ပြောပြချက်အရ အဆိုပါတပ်မ(၄၄)သည် စက်တင်ဘာ(၂၄)ရက်နေ့တစ်နေ့လုံးတွင် အရပ်သားပြည်သူများနေထိုင်သည့် ကျေးရွာများကို ပစ်မှတ်ထားပြီး လက်နက်ကြီး ၁၀ လုံးခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုများကြောင့် ကလေးငယ်ထိခိုက်မှုအပြင် ကျိုက်ထို၊ ကျောက်ဖျာကျေးရွာအုပ်စု၊ ကျောက်ဖျာရွာနှင့် ခမောက်ခွင်ရွာကြားမှ ဒေသခံပိုင် စိုက်ပျိုးဥယျာဥ်ခြံရှိ သီးနှံပင်များ ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

ယခုစက်တင်ဘာအတွင်း ကေအဲန်ယူတပ်မဟာ(၁)နယ်မြေထဲတွင် နေ့စဉ်နီးပါး စစ်အုပ်စုက လေကြောင်းဖြင့်ထောက်လှမ်းမှုလုပ်ဆောင်နေပြီး လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုနှင့်လက်နက်ကြီး ပစ်ခတ်မှုများကြောင့် လူထိခိုက်သေဆုံးမှုဖြစ်စဥ်များ မကြာခဏဖြစ်ပွားနေကြောင်းလည်း ဒေသခံများက ပြောသည်။