Home သတင်း ကုလသမဂ္ဂပြုပြင်ပြောင်းလဲရန်နှင့် နိုင်ငံငယ်များ၏ အသံ ပိုမိုပါဝင်နိုင်ရေး ထိုင်းဝန်ကြီးချုပ် တောင်းဆို

ကုလသမဂ္ဂပြုပြင်ပြောင်းလဲရန်နှင့် နိုင်ငံငယ်များ၏ အသံ ပိုမိုပါဝင်နိုင်ရေး ထိုင်းဝန်ကြီးချုပ် တောင်းဆို

28
Photo & Reference: Khaosod News

စက်တင်ဘာ (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား အခွင့်အရေးညီမျှမှုနှင့် အသံပိုမိုပါဝင်လာနိုင်ရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ထိုင်းဝန်ကြီးချုပ် အနုတင် က စက်တင်ဘာ(၂၄)ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ကျင်းပပြုလုပ်နေသော (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တောင်းဆိုသည်။

“ယုံကြည်မှုကို ပြန်လည်တည်ဆောက်ခြင်း၊ အပြောင်းအလဲများကို စီမံခန့်ခွဲခြင်း – အားလုံးအတွက် အကျိုးပြုသည့် ကုလသမဂ္ဂ” ဆောင်ပုဒ်ဖြင့် မိန့်ခွန်းပြောကြားရာတွင် ထိုင်းပြည်ထဲရေးဝန်ကြီး တာဝန် ပူးတွဲယူထားသည့် ဝန်ကြီးချုပ် မစ္စတာအနုတင် ၏ ထည့်သွင်းပြောဆိုမှုအား ထိုင်းသတင်းဌာနများက ဖော်ပြသည်။

ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် ယုံကြည်မှုနှင့် ပိုမိုကျယ်ပြန့်သည့် ပူးပေါင်းပါဝင်မှုများအပေါ် အခြေခံကာ ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က ထောက်ပြသည်။

ထို့အပြင် ယုံကြည်မှုကို အတင်းအကျပ်ဖန်တီး၍မရ အစုအဖွဲ့ငယ်များမှတစ်ဆင့် ဆက်ဆံရေးတည်ဆောက်ကာ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သွားရမည်ဖြစ်ပြီး သို့မှသာ သမိုင်းတစ်လျှောက် ဩဇာလွှမ်းမိုးမှု နည်းပါးခဲ့သည့် နိုင်ငံငယ်များ၏ အသံကို ပါဝင်ကြားသိခွင့် ရရှိလာမည်ဖြစ်သည်ဟုလည်း မစ္စတာ အနုတင်က ဆိုသည်။

“ငြိမ်းချမ်းရေးဆိုတာ စစ်ပွဲတွေ မရှိရုံမျှနဲ့တင် မပြီးပါဘူး။ နိုင်ငံအချင်းချင်းအကြား အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပါဝင်မှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်ပါတယ်” ဟု ၎င်းက ညီလာခံမိန့်ခွန်းတွင် ပြောသည်။

Photo & Reference: Khaosod News

ဝန်ကြီးချုပ်၏မိန့်ခွန်းတွင် ကမ္ဘာ့ပဋိပက္ခများနှင့် ပတ်သက်၍ ပါလက်စတိုင်း အရေးနှင့် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာများကို ရည်ညွှန်းပြောဆိုသွားသည်။ နယ်စပ်ပြဿနာအတွက် နှစ်နိုင်ငံ ဆွေးနွေးပွဲများဖြင့်သာ ဖြေရှင်းသင့်ကြောင်းနှင့် ပင်လယ်ရေကြောင်း နယ်နိမိတ် သတ်မှတ်မှုများတွင် ကုလသမဂ္ဂ၏ ပင်လယ်ပြင်ဥပဒေအတိုင်း ဆောင်ရွက်ရမည်ဟု ဆိုသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍မူ ထိုင်းနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးနှင့်အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များတွင် ဆက်လက် ထောက်ခံကူညီသွားမည်ဖြစ်ကြောင်း ပြန်လည်အတည်ပြုပြောဆိုခဲ့ခြင်းရှိသည်။

ထို့အတူ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့်မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်)များကို တားဆီးရေးတွင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်နေမှုများကိုလည်း ဝန်ကြီးချုပ် အနုတင်က မီးမောင်းထိုးပြသွားသည်။

ထိုင်းသတင်းများဖော်ပြချက်အရ အဆိုပါ မိန့်ခွန်းမပြောကြားမီက ဝန်ကြီးချုပ်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုနှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးမှုရှိခဲ့ကြောင်း သိရသည်။

(၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ စက်တင်ဘာ(၈)ရက်နေ့ကတည်းက စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ စက်တင်ဘာ(၂၅)ရက်နေ့အထိ နိုင်ငံ့ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များမှမိန့်ခွန်းပြောကြားခြင်း အစီအစဥ် လေးရက်မြောက်နေ့သို့ ရောက်ရှိနေပြီဖြစ်သည်။