Home သတင်း မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်၌ ၃ နှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၂၈၂ ဦး သေဆုံးခဲ့ကြောင်း PPNM ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်၌ ၃ နှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၂၈၂ ဦး သေဆုံးခဲ့ကြောင်း PPNM ထုတ်ပြန်

375
Photo: AAPP

ဇွန်လ ၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် အာဏာသိမ်း စစ်အုပ်စုနှင့် အကျဉ်းဦးစီးဌာနတို့၏ ဖိနှိပ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ၃ နှစ်အတွင်း နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား စုစုပေါင်း( ၂၈၂ ) ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့ (ဇွန်လ ၁ ရက်) တွင် ထုတ်ပြန်လိုက်သည်။

ယနေ့ကျရောက်သည့် PPNM ကွန်ရက် တည်ထောင်ခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန် ချက်အရ အကျဉ်းထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ခြင်း၊ ဥပဒေမဲ့ သတ်ဖြတ် ခံရခြင်းနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ယခုကဲ့သို့ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အကျဉ်းထောင်များ၌ လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှု မရရှိခြင်း၊ ဆေးဝါးပြတ်လပ်ခြင်းနှင့် ကုသမှုနောက် နှေးခြင်းတို့ကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား (၁၄၈) ဦးရှိခဲ့သည်ဟု PPNM ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ သေဆုံးသူများတွင် အမျိုးသား (၁၂၈) ဦး၊ အမျိုးသမီး (၁၉) ဦးနှင့် LGBT ၁ ဦး ပါဝင်သည်။

ထို့အပြင် စစ်အုပ်စုတပ်နှင့် အကျဉ်းဦးစီးဌာနတို့၏ ဥပဒေမဲ့ သတ်ဖြတ်မှုများကြောင့် သေဆုံးသူ ၇၅ ဦးရှိခဲ့ပြီး ၎င်းတို့ထဲတွင် အမျိုးသား (၇၄) ဦးနှင့် အမျိုးသမီး ၁ ဦး ပါဝင်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

အလားတူ အကျဉ်းထောင်များအတွင်း ငလျင်ဒဏ်အပါအဝင် သဘာဝဘေးအန္တရာယ်များကြောင့် သေဆုံးသူ ၅၉ ဦးရှိခဲ့ပြီး အမျိုးသား ၃၇ ဦးနှင့် အမျိုးသမီး ၂၂ ဦး ပါဝင်ကြောင်း PPNM က ပြောသည်။

PPNM ၏ ၃ နှစ်တာကာလ လှုပ်ရှားမှုအတွင်း ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ သတင်းထုတ်ပြန်ချက် (၁၁၀) ခု၊ ထောင်ပြောင်းရွှေ့မှုဆိုင်ရာ ထုတ်ပြန်ချက် (၁၅) ခုနှင့် လွတ်မြောက်မှုဆိုင်ရာ ထုတ်ပြန်ချက်( ၉) ခု စုစုပေါင်း (၁၃၄) ခု ထုတ်ပြန်ခဲ့ပြီး ထောင်တွင်းဖိနှိပ်မှုများကို ဖော်ထုတ်တင်ပြနိုင်ခဲ့ကြောင်း ပြောဆိုထားသည်။

လက်ရှိ ရရှိထားသည့်အချက်အလက်များအရ နိုင်ငံရေးအကျဉ်းသူ၊အကျဉ်းသားများ၏ လူ့အခွင့် အရေးချိုးဖောက်ခံရမှုနှင့် သေဆုံးမှုစာရင်းများသည် စစ်အုပ်စု၏ အကျဉ်းထောင်စနစ်အတွင်း ဖြစ်ပေါ်နေသည့် လူမဆန်သော လုပ်ရပ်များကို ပြသနေကြောင်း PPNM က ထောက်ပြထားသည်။

ထို့အပြင် ထောင်တွင်းလူ့အခွင့်အရေးများ အပြည့်အဝရရှိရေး၊ မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း PPNM က ဆိုသည်။ ပြည်သူလူထုနှင့် နိုင်ငံတ ကာအဖွဲ့အစည်းများအနေဖြင့်လည်း အကျဉ်းထောင်များအတွင်း ဖိနှိပ်ခံနေရသူများအတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန် PPNM က တိုက်တွန်းနှိုးဆော်ထားသည်။