Home သတင်း မိုးကြိုးပစ်ခံရ၍ အုန်းဖြန်ဒုက္ခသည်စခန်းမှ အမျိုးသမီး(၁)ဦး သေဆုံး

မိုးကြိုးပစ်ခံရ၍ အုန်းဖြန်ဒုက္ခသည်စခန်းမှ အမျိုးသမီး(၁)ဦး သေဆုံး

301

ဇွန် (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် အုန်းဖန်မြို့နယ် အုန်းဖြန်ဒုက္ခသည်စခန်းတွင်နေထိုင်သူ အမျိုးသမီး (၁)ဦးမှာ မိသားစုစားဝတ်နေရေးအတွက် ပြင်ပထွက်အလုပ်လုပ်နေစဉ် ဇွန်လ (၂)ရက်နေ့က မိုးကြိုးပစ်ခံရပြီး သေဆုံးသွားသည်ဟု သိရသည်။

နော်ခုဝါးဖော အမည်ရှိ အသက်(၃၇)နှစ်အရွယ် အဆိုပါအမျိုးသမီးမှာ အုန်းဖြန်ဒုက္ခသည်စခန်းနှင့် မနီးမဝေးတွင်ရှိသည့် မယ့်ကောင်နွဲ ထိုင်းကျေးရွာစိုက်ပျိုးရေးခြံတွင် နေ့စားအလုပ်သွားရောက်လုပ်ရင်း မိုးကြိုးပစ်ခံရခြင်းဖြစ်ကြောင်း စခန်းတွင်နေထိုင်သူများကပြောသည်။

“မိုးကြိုးပစ်တဲ့အချိန် အနီးဝန်းကျင်မှာ သူနဲ့အတူအလုပ်လုပ်တဲ့သူရှိတယ်။ မိုးရွာတော့ တချို့ကတဲမှာ သွားပြန်နားတာ။ ကြက်သွန်မြိတ်နှုတ်တာ ကီလိုနဲ့ပေးတယ်၊ များများနှုတ်နိုင်ရင် ပိုက်ဆံပိုရတော့ သူက တဲထဲကို ပြန်မခိုဘဲ ကွင်းထဲမှာ ကြက်သွန်မြိတ်နှုတ်နေရင်းနဲ့ မိုးကြိုးပစ်ခံရတာ။ “ဟု အုန်းဖြန် စခန်း ရပ်ကွက်(၂)နေထိုင်သူ တီးဘီယာက ပြောသည်။

နော်ခုဝါးဖောတွင် အသက်(၈)နှစ်အရွယ်နှင့် (၃)နှစ်အရွယ်ကလေး (၂)ဦးလည်းရှိကြောင်းလည်း သူမနှင့်နီးစပ်သူများထံမှ သိရသည်။

ထိုင်းနိုင်ငံထဲရှိ နယ်စပ် ဒုက္ခသည်စခန်းများတွင် နိုင်ငံတကာ နှစ်ရှည်ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းခံရသည့်အတွက် စခန်းအတွင်းနေထိုင်သူများမှာ မိသားစုစားဝတ်နေရေးအတွက် စခန်းပြင်ပထွက် အလုပ်လုပ်ကိုင်ခြင်းဖြင့် မိမိကိုယ်ကိုအားကိုး ရပ်တည်နေကြရခြင်းဖြစ်သည်။

ထိုင်းအစိုးရ၏ ခွင့်ပြုချက်ဖြင့် ဒုက္ခသည်များ စခန်းပြင်ပတွင် တရားဝင်အလုပ်ထွက်လုပ်ခွင့်ပေးလာရာတွင် စခန်းမှ အခြားဝေးရာဒေသသို့ သွားရောက်လုပ်ကိုင်သူရှိသလို အချို့မှာလည်း စခန်းအနီးဝန်းကျင် နီးစပ်ရာ ကျေးရွာများအတွင်း နေ့စားနှင့် စိုက်ပျိုးရေးအလုပ်လုပ်ကိုင်သူများလည်းရှိကြောင်း သိရသည်။