Home သတင်း ကရင်လူငယ်အစည်းအရုံး ၏ နွေရာသီလူငယ်စခန်းသွင်းသင်တန်း ခရိုင် (၅) ခုတွင် ပြုလုပ်ပြီးစီး၊ လူငယ် ၃၀၀ ကျော် တက်ရောက်ခဲ့

ကရင်လူငယ်အစည်းအရုံး ၏ နွေရာသီလူငယ်စခန်းသွင်းသင်တန်း ခရိုင် (၅) ခုတွင် ပြုလုပ်ပြီးစီး၊ လူငယ် ၃၀၀ ကျော် တက်ရောက်ခဲ့

200
Photo: KYO

ဇွန်လ ၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်လူငယ်အစည်းအရုံး (KYO) ဗဟိုမှ ဦးဆောင်၍ ကော်သူးလေထိန်းချုပ်နယ်မြေအတွင်းရှိ ခရိုင် (၅) ခုတွင် ပြီးခဲ့သည့် မတ်လမှ မေလအထိ (၃) လကြာ ဖွင့်လှစ်ခဲ့သော နွေရာသီလူငယ်စခန်းသွင်းသင်တန်း (Summer Youth Camp) သည် ပြီးခဲ့သည့် မေလကုန်တွင် ပြီးဆုံးခဲ့ကြောင်း ယနေ့ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ နွေရာသီလူငယ်စခန်းသွင်းသင်တန်းကို ဒူးသထူခရိုင် (သထုံ)၊ ခလွယ်လွီထူခရိုင် (ညောင်လေးပင်)၊ ဘိတ်-ထားဝယ်ခရိုင်၊ ဒူးပလာယာခရိုင် နှင့် ဖားအံခရိုင် စသည့် ဒေသ ၅ ခုတွင် တစ်ပြိုင်တည်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသူ (၁၄၅) ဦးနှင့် သင်တန်းသား (၂၀၃) ဦး၊ စုစုပေါင်း လူငယ် (၃၄၈) ဦး သင်တန်းပြီးမြောက်ခဲ့သည်ဟု KYO က ထုတ်ပြန်သည်။

ယခုနှစ် သင်တန်းတွင် ကရင်လူငယ်များသာမက ကော်သူးလေနယ်မြေအတွင်းရှိ မွန်လူငယ်၊ ပအိုဝ်းလူငယ်များနှင့် နယ်စပ်ဒေသ ဒုက္ခသည်စခန်းအသီးသီးမှ လူငယ်များအပြင် အခြားဒေသအသီးသီးမှ စိတ်ပါဝင်စားသည့် လူငယ်များလည်း လာရောက်ပူးပေါင်း တက်ရောက်ခဲ့ကြကြောင်း KYO က ပြောသည်။

Photo: KYO

(၃) လတာ သင်တန်းကာလအတွင်း ကိုယ်ကာယကျန်းမာကြံခိုင်ရေးနှင့် အခြေခံစစ်ပညာ၊ နိုင်ငံရေးနှင့် ကရင်အမျိုးသားရေး ရုန်းကန်လှုပ်ရှားမှုဆိုင်ရာ သမိုင်းကြောင်း၊ ကေအဲန်ယူ (KNU) ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နည်းဥပဒေနှင့် အခြေခံလမ်းစဉ် လုပ်ငန်းစဉ်များ၊ ဖက်ဒရယ်စနစ် (Federalism)၊ အောက်ခြေမှတက်လာသော ဖက်ဒရယ်စနစ် (Bottom-up Federalism)၊ ကော်သူးလေပဋိညာဉ် (KawThooLei Charter) နှင့် ကောင်းမွန်သောအုပ်ချုပ်ရေး (Good Governance)တို့ကို သင်ကြားပို့ချပေးခဲ့သည်။

ထို့အပြင် ခေါင်းဆောင်မှုအရည်အသွေး (Essential Leadership) နှင့် ဝေဖန်ပိုင်းခြားနိုင်သော အတွေး အခေါ် (Critical Thinking)၊ Panel Discussion (စကားဝိုင်းဆွေးနွေးပွဲ) များ ပြုလုပ်ခြင်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် များမှ တော်လှန်ရေးအတွေ့အကြုံများ လာရောက်မျှဝေခြင်းအစီအစဉ်တို့ ထည့်သွင်းပေးခဲ့သည်ဟု KYO က ထုတ်ပြန်ထားသည်။

KYO ကို ၁၉၄၆ ခုနှစ်တွင် မန်းဘခိုင်၊ မန်းဝင်းမောင်နှင့် မန်းကျော်စိန်တို့က ဦးဆောင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် အဖွဲ့တွင်းရှိ လူငယ်ခေါင်းဆောင်အချင်းချင်းအကြား သဘောထားကွဲလွဲမှုများကြောင့် လှုပ်ရှားမှုများ ယာယီရပ်တန့်သွားခဲ့သည်။ ထို့နောက် KNU ကို အထောက်အကူပြုရန်နှင့် ကရင်မျိုးဆက်သစ်လူငယ်ခေါင်းဆောင်များ မွေးထုတ်ပေးရန် ရည်ရွယ်ချက်ဖြင့် ၁၉၈၉ ခုနှစ်တွင် KNU ဌာနချုပ်ဟောင်း မာနယ်ပလော၌ KYO ကို ဒုတိယအကြိမ်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။