ဇွန် (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများထဲရှိစာသင်ကျောင်းများတွင် ယခင်ပညာသင်နှစ်နှင့် ယခု၂၀၂၆-၂၀၂၇ ပညာသင်နှစ်တို့ နှိုင်းယှဥ်ပါက ကျောင်းသူ၊ ကျောင်းသားဦးရေ တစ်ထောင်(၁,၀၀၀)ခန့် လျော့နည်းလာကြောင်း ကရင်ဒုက္ခသည်ကော်မတီဆိုင်ရာပညာရေးအဖွဲ့ (KRCEE)တာဝန်ရှိသူထံမှ သိရသည်။
ဒုက္ခသည်စခန်းအတွင်း ရိက္ခာထောက်ပံ့မှု လျော့နည်းလာပြီးနောက် မိသားစုစားဝတ်နေရေးကြောင့် ကျောင်းထွက်သူ၊ ကျောင်းဆက်တက်ရန်အခက်အခဲရှိသည့် ကျောင်းသူ၊ ကျောင်းသားများလာ၍ ယခင်ကထက် လူဦးရေလျော့နည်းလာခြင်းဖြစ်သည်ဟု KRCEE ၏ ဒါရိုက်တာ နော်ဒေါ့ကပ်စ်မူးက ပြောသည်။
“ကျောင်းပြန်ဖွင့်ကာစ ရာသီပဲရှိသေးတော့ ကျောင်းသားဦးရေတွေက မတည်ငြိမ်သေးတော့ စာရင်းအတည်ပြုလို့မရသေးဘူး။ ဒါပေမယ့် အခြေခံအားဖြင့်ရထားတာတော့ ကျောင်းသားဦးရေ တစ်ထောင်လောက်လျော့လာတာရှိတယ်။” ဟု ၎င်းက ပြောသည်။
ဒုက္ခသည်စခန်းအတွင်း ရိက္ခာဖြတ်တောက်ခံရသည့်နောက် စားဝတ်နေရေးရိုက်ခတ်မှုကြောင့် ကျောင်းသူ၊ ကျောင်းသားများအပြင် ကျောင်းဆရာ၊ ဆရာမများမှာလည်း စာဆက်လက်မသင်ပေးနိုင်တော့ဘဲ စခန်းပြင်ပအလုပ်ထွက်နေကြရခြင်းရှိနေသည်။

နော်ဒေါကပ်စ်မူးက ဆက်လက်၍ “အရင်က စခန်းထဲ ကျောင်းဆရာ၊ ဆရာမတွေဆိုရင် ကျောင်းမှာ တစ်လ တစ်ထောင်ထောက်ပံ့ပေးနိုင်တယ်၊ အဲဒီအပြင် ရိက္ခာတွေက ဆန်တွေရတယ်။ ဒီနှစ်မှာက ရိက္ခာအပိုင်းထောက်ပံ့မှုမရှိတော့ ကျောင်းဆရာ၊ ဆရာမတွေက တော်တော်ကို အခက်တွေ့လာရတယ်။” ဟု ကေအိုင်စီကို ဖြည့်စွက်ပြောသည်။
ဒုက္ခသည်စခန်းထဲတွင် ပညာသင်ပေးနေသည့် ကျောင်းဆရာ၊ ဆရာမ များအတွက် အီးယူမှတစ်ဆင့် Save The Children မှ လစဉ်လစာငွေ ထောက်ပံ့ပေးသော်လည်း ၆၀ ရာခိုင်နှုန်းခန့်သာဖြစ်ပြီး ကျန်ရှိလိုအပ်ချက်မှာ ကျောင်းသားမိဘနှင့် ဒေသအတွင်း အဖွဲ့အစည်းများ၏ပံ့ပိုးမှုမှရရှိသည်။
KRCEE ၏ပြောပြချက်အရ ဒုက္ခသည်စခန်းတွင် ယခင်က ကျောင်းဆရာ၊ ဆရာမတစ်ဦးလျှင် တစ်လ တစ်ထောင်(၁,၀၀၀)ဘတ် ထောက်ပံ့ကြေးရရှိသော်လည်း ယခုနှစ်တွင်မူ ရိက္ခာဖြတ်တောက်ခံရခြင်းကြောင့် တစ်ဦးလျင် (၅၀၀)ဘတ် ထပ်မံတိုးပေးလိုက်ပြီး စုစုပေါင်း တစ်လ (၁,၅၀၀)ဘတ်ကို ထောက်ပံ့ပေးနေကြောင်းလည်း သိရသည်။



















