ဇွန်လ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖာပွန် (မူတြော်) ခရိုင်၊ တပ်မဟာ (၅) နယ်မြေတွင် ပြီးခဲ့သည့် မေလကုန်ပိုင်းက စစ်အုပ်စုစစ်ကြောင်း၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ဘောကျို့ထရွာသား ၃၂ ဦးမှာ ယခုရက်ပိုင်းအတွင်း ပြန်လည် လွတ်မြောက်လာသည်သည်ဟု သိရသည်။
ကမမောင်း-ကတိုင်တိ လမ်းမရှိ ဘောကျို့ထ ကျေးရွာမှ အဆိုပါ ဒေသခံရွာသား (၃၂) ဦးကို ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့တွင် ကမမောင်းမြို့မှ ဖာပွန်မြို့ဘက်သို့ စစ်ကူတက်လာသည့် စစ်အုပ်စု စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင် ၎င်းတို့ကို ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တစ်ဦးက သွားရောက်အာမခံပေးခဲ့သည့်အတွက် ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်ဟု လူမှုကွန်ရက်စာမျက်နှာများနှင့် ဒေသခံများအကြား ပြောဆိုမှုများ ရှိနေသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ကေအဲန်ယူ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထို့ရော်ဘင်က “ ရွာသားတွေ ပြန်လွတ်ပြီလို့ ကြားရတယ်။ BGF က သွားထုတ်လာတဲ့ သဘောရှိတယ် “ ဟု ကေအိုင်စီသို့ ပြောကြားသည်။
စစ်အုပ်စုတပ်ဘက်က ပြန်လည်လွတ်မြောက်လာသည့် ရွာသားများအား မိမိတို့၏ ကျေးရွာများတွင် ပြန်လည်နေထိုင်ရန် ပြောဆိုမှုများရှိသော်လည်း နယ်မြေအတွင်း တိုက်ပွဲ ဆက်လက် ဖြစ်ပွားလာနိုင်မည့်အရေး စိုးရိမ်မှုကြောင့် ရွာသားများအနေဖြင့် နေရပ်ပြန်မနေ ထိုင်ရဲသေးကြကြောင်း ပဒိုစောထို့ရော်ဘင်က ဖြည့်စွက်ပြောသည်။
ထို့အပြင် ဖမ်းဆီးခံရသည့် ဒေသခံ ၃၂ ဦးအနက် ၂ ဦးကို စစ်အုပ်စုတပ်က သတ်ဖြတ်သွားခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်က ပြောသည်။
လက်ရှိ ဖာပွန်မြို့ကို ပြန်လည်ထိန်းချုပ်ရန်နှင့် ပိတ်ဆို့တိုက်ခိုက်ခံရသည့် ဖာပွန်ဗျူဟာစခန်းကုန်းသို့ စစ်ကူပေးရန် တက်လာသော စစ်အုပ်စုစစ်ကြောင်းသည် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်နှင့် ဖာပွန်မြို့မိုင်(၄၀)ခန့်အကွာရှိမောလော်ကလိုး (ရေပူ) ကျေးရွာ အနီးတွင် မေလ (၂၇)ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း တပ်မဟာ(၅) ကေအဲန်ယူ သတင်းအရင်းအမြစ်မှ သိရသည်။
မူတြော်ခရိုင်အတွင်း စစ်အုပ်စုတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များအကြား စစ်ရေးဆက်လက်တင်းမာလျက်ရှိရာ ထိုးစစ်ဆင်လာသည့် စစ်အုပ်စုစစ်ကြောင်းက လမ်းကြောင်းတစ်လျှောက် အနီးဝန်းကျင်ရှိ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကို တိုးမြှင့် လုပ်ဆောင်နေခြင်းရှိသည်။



















