ဇွန်လ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံတစ်ဝှမ်းတွင် ဇွန်လ ၃၀ ရက်နေ့မှစ၍ ဇူလိုင်လ ၃ ရက်နေ့အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သဖြင့် တောင်ကျရေနှင့် ရုတ်တရက်ရေကြီးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ထိုင်းမိုး လေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ (ဇွန် ၃၀) တွင် သတိပေးထုတ်ပြန်လိုက်သည်။
ယခုရက်ပိုင်းအတွင်း နိုင်ငံတစ်ဝှမ်း နေရာကွက်ကြား မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျ ရေလျှံမှုနှင့် ရုတ်တရက်ရေကြီးမှုများ ကြုံတွေ့လာနိုင်သည့်အတွက် ခရီးသွားလာသူများအနေဖြင့် အထူးသတိပြုကြရန် ထိုင်းမိုးလေဝသဌာနက တိုက်တွန်းထားသည်။
အထူးသဖြင့် ထိုင်းနိုင်ငံ၏ အရှေ့ပိုင်းဒေသနှင့် တောင်ပိုင်း (အနောက်ဘက်ကမ်းရိုးတန်း) ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေရှိ၍ မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန် အသိပေးချက်တွင် ဖော်ပြထားသည်။
မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့်ဒေသများမှာ အရှေ့ပိုင်းဒေသဖြစ်သော ချွန်ပူရီ၊ ရရောင်း၊ ချာချင်ဆောင်၊ ကျန်ထပူရီ၊ တရတ်၊ ပရာကျင်းပူရီနှင့် ဆာကေအိုခရိုင်များအပြင် တောင်ပိုင်း (အနောက်ဘက်ကမ်းရိုးတန်း) ဒေသဖြစ်သည့် ဖူးခက်၊ ဖန်ငါ၊ ကရာဘီ၊ ရနောင်း၊ ထရန်နှင့် စတွန်ခရိုင်တို့ဖြစ်ကြသည်။
အဆိုပါဒေသများသည် ပင်လယ်ကမ်းရိုးတန်းနှင့် နီးစပ်သည့်အတွက် မိုးသက်လေပြင်းများကြောင့် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များကိုလည်း ဂရုပြုရန် လိုအပ်သည်ဟု ထိုင်းမိုးဇလက သတိပေးထားသည်။
မြန်မာနိုင်ငံ ကော့သောင်းမြို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရနောင်းဒေသ၌ ရေလုပ်ငန်း၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် အထွေထွေလုပ်ငန်းခွင်များတွင် လုပ်ကိုင်နေကြသော ရွှေ့ပြောင်းအလုပ်သမားများ၏ ၉၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း နိုင်ငံတကာရွှေ့ ပြောင်းသွားလာသူများဆိုင်ရာအဖွဲ့အစည်း (IOM) ၏ ၂၀၂၅ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
တစ်ချိန်တည်းတွင် မြန်မာနိုင်ငံအတွင်း၌လည်း ကရင်ပြည်နယ်အပြင် ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကြား မိုးကြီးနိုင်ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။



















