ဇွန်လ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ဖို့ဖရမြို့နယ် တဖက်ကမ်းရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA ထိန်းချုပ်ရာ ကျားဖြန့်စခန်းများမှ ထွက်ပြေးလွတ်မြောက်လာသည့် နိုင်ငံခြားသား ၁၃ ဦးကို ဒေသဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်ဟု ThaiPBS North သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ ကျားဖြန့်စခန်းမှ လွတ်မြောက်လာသူ ၁၃ ဦးသည် နိုင်ငံပေါင်း ၇ နိုင်ငံမှ ဖြစ်ကြပြီး တရားမဝင် ငွေလိမ်လုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခြင်း ခံခဲ့ရသူများဖြစ်ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် အာဏာပိုင်များက ၎င်းတို့အား လူကုန်ကူးခံရခြင်း ရှိ/မရှိနှင့် ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်မှုရှိမရှိ စစ်ဆေးလျက်ရှိသည်။
ကနဦး သတင်းများအရ အဆိုပါ ၁၃ ဦးကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဟု သိရသော်လည်း ထိုင်းအခြေစိုက် လူကုန်ကူးမှု တိုက်ဖျက်ရေး အရပ်ဘက် အဖွဲ့အစည်းများကမူ ၎င်းတို့သည် လူကုန်ကူးခံရသူများ ဖြစ်သည့်အတွက် သက်ဆိုင်ရာ အေဂျင်စီများ၊ သံရုံးများနှင့် ချိတ်ဆက်ကာ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပေးရန် တိုက်တွန်းထားသည်။

ထိန်းသိမ်းခံထားရသည့် နိုင်ငံခြားသား ၁၃ ဦး၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများနှင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံထားရသည့် လက္ခဏာများ တွေ့ရှိရကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။
မကြာသေးမီရက်ပိုင်းအတွင်းကလည်း မြန်မာနိုင်ငံအတွင်းရှိ DKBA အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ရာ နေရာများရှိ ကျားဖြန့်စခန်းများတွင် နိုင်ငံခြားသား အများအပြား ပိတ်မိနေဆဲဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနများက ဖော်ပြသည်။
ကိုးကား- ThaiPBS North



















