Home သတင်း စစ်အုပ်စုဖမ်းဆီးထားသော သထုံမြို့နယ်၊ ဝင်းစိန်ရွာသား(၈)ဦး တစ်ပတ်ကြာသည်အထိ ပြန်မလွတ်

စစ်အုပ်စုဖမ်းဆီးထားသော သထုံမြို့နယ်၊ ဝင်းစိန်ရွာသား(၈)ဦး တစ်ပတ်ကြာသည်အထိ ပြန်မလွတ်

37
Photo: CJ

ဇွန် (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာရှိ ပြီးခဲ့သည့် ဇွန်လ (၂၃) ရက်နေ့ကတည်းက စစ်အုပ်စုနှင့်ပျူစောထီးအဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံထားရသော ရွာခံအမျိုးသား(၈)ဦးမှာ ယနေ့ ဇွန်လ(၃၀)ရက်နေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများကပြောသည်။

ဝင်းစိန်ရွာ ရွှေညောင်ပင်ကွက်သစ်အပိုင်းတွင်နေထိုင်သည့် ရွာသားများကို စစ်အုပ်စုနှင့် ပျူစောထီးအဖွဲ့ဝင်အင်အား(၇၀)ဝန်းကျင်က ယာဥ်(၁၃)စီးဖြင့် ဇွန်လ(၂၃)ရက်နေ့ကတည်းက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့်အကြောင်းအရင်း သေသေချာချာ မသိရသေးဟု ကေအဲန်ယူ သထုံခရိုင်အတွင်းရေးမှူးပဒိုစောအေးနိုင်က ဆိုသည်။

“လူထုတွေကိုဝင်ဖမ်းတာဟုတ်တယ်။ ရွှေညောင်ပင်ကွက်သစ်က ရပ်ကွက်အသစ်ဆိုတော့ ကရင်၊ ဗမာ နေတာလူမျိုးပေါင်းစုံတယ်။ ဖမ်းသွားတဲ့ အကြောင်းပြချက်တိတိကျကျတော့ သေချာမသိရသေးဘူး။” ဟု ပဒိုစောအေးနိုင်က ပြောသည်။

ဖမ်းဆီးခံရသူများတွင် စောဆထူးအသက်(၂၅)နှစ်၊ ကျော်ဇင်အောင် အသက်(၂၅)နှစ်၊ စောဖားလားထူးအသက်(၄၀)နှစ်၊ စောသန်းဇော် အသက်(၄၁)နှစ်၊ စောမြင့်အေး အသက်(၂၆)နှစ်၊ စောလင်းနိုင်(၄၂)နှစ်၊ စောလှသိန်း(၃၈)နှစ်အပြင် အမည်မသိသူတစ်ဦးလည်းပါဝင်ကာ ၎င်းတို့ကို သထုံမြို့မရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သိရသည်။

ထို့အပြင် စစ်အုပ်စုပူးပေါင်းအဖွဲ့မှာ ရွာအတွင်းအင်အားအများအပြားဖြင့် ဝင်ရောက်လာချိန်တွင် လက်နက်ငယ်(၁၁)ချက်ပစ်ခတ်၍ လက်ပစ်ဗုံး (၂)လုံး ဖောက်ခွဲမှုလုပ်ဆောင်ခဲ့သဖြင့် ရွာနေလူထု အထိတ်တလန့်ဖြစ်ခဲ့ရခြင်းလည်း ရှိသည်။

အလားတူ ကျေးရွာအတွင်းရှိလူနေအိမ်(၇၄)လုံးကို ဝင်ရောက်မွေနှောက်စစ်ဆေးပြီး တွေ့ရှိသည့် ငွေသား၊ ရွှေထည်နှင့် ဆိုင်ကယ်(၄)စီးကိုလည်း စစ်အုပ်စုအဖွဲ့က အဓမ္မယူဆောင်သွားကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် မေလ(၂၈)ရက်နေ့က ထိုဒေသအတွင်းရှိ သဗြုချောင်းကျေးရွာတွင် စစ်အုပ်စုလက်အောက်ခံ ပျုစောထီးအဖွဲ့ဝင်တစ်ဦးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ဝင်ရောက်ဖမ်းဆီးမှုရှိခဲ့အပြီး နောက်ဆက်တွဲ ဝင်းစိန်ရွာစီးနင်းခံရခြင်းဖြစ်ကြောင်း ဒေသခံများက ယူဆပြောဆိုနေကြသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုလျက်ရှိသည်။

၎င်းဖြစ်စဥ်ကြောင့် ဝင်းစိန်ရွာနေလူထုမှာ လတ်တလော နေရာပြောင်းရွှေ့တိမ်းရှောင်နေကြသလို စစ်အုပ်စုပူးပေါင်းအဖွဲ့က နောက်တစ်ကြိမ် ရှာဖွေစစ်ဆေးမှု ဆက်လက်လုပ်ဆောင်ရန်ရှိသည့် သတင်းထွက်ပေါ်နေမှုကြောင့် ယနေ့ထက်ထိ ရွာထဲပြန်နေမရဲသေးကြောင်းလည်း သိရသည်။