Home သတင်း ဒုက္ခသည်များကို ယာယီအလုပ်လုပ်ကိုင်ခွင့်ပေးပြီး လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းရန် မလေးရှားအစိုးရ စီစဉ်နေ

ဒုက္ခသည်များကို ယာယီအလုပ်လုပ်ကိုင်ခွင့်ပေးပြီး လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းရန် မလေးရှားအစိုးရ စီစဉ်နေ

347
Photo: CNA

ဇွန်လ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော ဒုက္ခသည်ဦးရေ ၂ သိန်းကျော်ကို သင့်တော်ရာ ယာယီ အလုပ်လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် နိုင်ငံအတွင်း ကြုံတွေ့နေရသည့် လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းရန် မလေးရှားအစိုးရက ပြင်ဆင်နေသည်ဟု စင်ကပူနိုင်ငံ အခြေစိုက် CNA သတင်းဌာနက ရေးသားထားသည်။

ထိုသို့ ဒုက္ခသည်များကို ငှားရမ်းလိုသော လုပ်ငန်းရှင်များသည် မလေးရှားနိုင်ငံ၏ တည်ဆဲ အလုပ်သမားဥပဒေအတိုင်းသာ ဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်သားတစ်ဦးလျှင် တစ်လအနည်းဆုံး အမေရိကန်ဒေါ်လာ ၄၃၀ ပေးချေရမည့်အပြင် သင့်တော်သော နေထိုင်စရာ အဆောက်အအုံများကိုလည်း စီစဉ်ပေးရမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

မလေးရှားအစိုးရ၏ ယခုဆောင်ရွက်ချက်သည် နိုင်ငံခြားသားလုပ်သား ခေါ်ယူရာတွင် ကြုံတွေ့ရသည့် ကုန်ကျစရိတ်ကြီးမားမှုပြဿနာနှင့် ပြည်ပလုပ်သားဈေးကွက်အပေါ် လွန်ကဲစွာ မှီခိုနေရသည့် အခက်အခဲများကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

မလေးရှားနိုင်ငံအတွင်းရှိ ဒုက္ခသည်များကို အလုပ်လုပ်ကိုင်ခွင့်ပေးခြင်းဖြင့် နိုင်ငံ၏ ဂျီဒီပီ (GDP) ကို အမေရိကန်ဒေါ်လာ ၇၅၀ မီလီယမ်အထိ ဖြည့်တင်းပေးနိုင်မည့်အပြင် နှစ်စဉ် အခွန်ငွေ အမေရိ ကန်ဒေါ်လာ ၁၂ မီလီယမ်အထိ တိုးမြှင့်ရရှိစေနိုင်ကြောင်းလည်း မလေးရှားနိုင်ငံရေးအကြံပေးများက သုံးသပ်ပြောဆိုထားသည်။

ဒုက္ခသည်အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် လူမှုအဖွဲ့အစည်းများကမူ မလေးရှားအစိုးရ၏ လုပ်ငန်းစဉ်သည် ဖြောင့်မတ်ခိုင်မာသော ဥပဒေလမ်းကြောင်းအတိုင်း ဖြစ်သင့်ကြောင်း၊ ဒုက္ခသည်များ၏ အရည်အချင်း၊ စွမ်းဆောင်ရည်များနှင့် ကိုက်ညီသည့် အလုပ်အကိုင်များဖြစ်ရန်နှင့် မှန်ကန်သော တရားဝင်စာရွက်စာတမ်းများ ထုတ်ပေးရန် လိုအပ်ကြောင်း ထောက်ပြကြသည်။

မလေးရှားအစိုးရ၏ ဒုက္ခသည်များ အလုပ်လုပ်ကိုင်ခွင့်ပြုရေး ဆုံးဖြတ်ချက်သည် တတိယနိုင်ငံများက ဒုက္ခသည်လက်ခံမှု လျော့နည်းလာခြင်းနှင့် အခြေချနေထိုင်ခွင့် ကိုတာ (Quota) ရရှိမှု နည်းပါး လာခြင်းစသည့် နောက်ဆက်တွဲ အခြေအနေများနှင့်အတူ ပေါ်ထွက်လာခြင်းဖြစ်သည်။

ထို့အပြင် မလေးရှားအစိုးရသည် နိုင်ငံ၏ လုံခြုံရေး၊ ဒုက္ခသည်များကို တရားဥပဒေနှင့်အညီ စနစ်တကျ ကူညီစောင့်ရှောက်နိုင်ရေးနှင့် လူမှုဖူလှုံရေးတို့အတွက် ဗဟိုချုပ်ကိုင်မှုအားကောင်းသော အချက် အလက်စနစ်တစ်ခုကို တည်ဆောက်လျက်ရှိသည်ဟု ဆိုသည်။

ယင်းအစီအစဉ်အတွက် ယခုနှစ်ဆန်းပိုင်းကတည်းက စမ်းသပ်စီမံကိန်းအဖြစ် စတင်အကောင်အထည်ဖော်နေပြီး ခိုလှုံခွင့်တောင်းခံသူ ဒုက္ခသည်များ၏ ဇီဝအချက်အလက် နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ကောက်ခံသိမ်းဆည်းနေခြင်း ဖြစ်သည်။

အဆိုပါ အချက်အလက်ကောက်ခံမှု လုပ်ငန်းစဉ်သည် ဒုက္ခသည်လူထုကို တရားဥပဒေကြောင်းအရ အကာအကွယ်ပေးနိုင်ရန် ကူညီပေးနိုင်မည့်အပြင် ၎င်းတို့၏ လူမှုဖူလှုံရေးနှင့် ဘဝလုံခြုံရေးအတွက်ပါ ပိုမိုတိုးတက်ကောင်းမွန်လာစေမည်ဖြစ်ကြောင်း မလေးရှားအစိုးရက ဆိုသည်။