Home သတင်း ကော်သူးလေဒေသ ကျောင်းဆရာ၊ ဆရာမများကို ကူညီထောက်ပံ့ပေးနိုင်မည့် ကမ်ပိန်းတစ်ခုပြုလုပ်မည်

ကော်သူးလေဒေသ ကျောင်းဆရာ၊ ဆရာမများကို ကူညီထောက်ပံ့ပေးနိုင်မည့် ကမ်ပိန်းတစ်ခုပြုလုပ်မည်

19
Photo: KECD

ဇွန် (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဒေသအတွင်းပဋိပက္ခအခြေအနေများကြောင့် ကရင့်ပညာရေးတွင် စိန်ခေါ်မှုရှိလာနေသည့်အပေါ် ကျောင်းဆရာ၊ ဆရာမများအတွက် ကူညီထောက်ပံ့ပေးနိုင်မည့် လှုပ်ရှားမှုအစီစဉ် ကမ်ပိန်း(Campaign) တစ်ခုကို ဇွန်လ (၄)ရက်နေ့တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန-KECDနှင့် KTWG (Karen Teacher Working Group) တို့ ဦးဆောင်သည့် အဆိုပါကမ်ပိန်းဖွင့်ပွဲအခမ်းအနားကိုလည်း အွန်လိုင်းအစီအစဥ်ဖြင့် ဇွန်လ(၄)ရက်နေ့တွင်ပင် ပြုလုပ်မည်ဖြစ်သည်။

ကရင်ပညာရေးအခြေအနေ၊ ကြုံတွေ့နေရသည့် စိန်ခေါ်မှုအခြေအနေများကို ပြည်တွင်းပြည်ပ ကရင်လူထုများအနေဖြင့် သိရှိနားလည်စေရန်အတွက်ရည်ရွယ်ပြီး ကမ်ပိန်းအတွင်း ချပြရှင်းလင်းသွားရန်ရှိကြောင်း KECD ဌာနမှူး ပဒိုစောလော်အယ်မူးက ပြောသည်။

“အဓိက ကရင်ပညာရေးလမ်းကြောင်းက ဘယ်လိုရှိလဲ၊ အခုအခြေအနေမှာ ဘယ်လိုမျိုးသွားနေရလဲ ချပြဖို့ဖြစ်တယ်။ ပြီးရင် အခုချိန်မှာ ကျောင်းဆရာ၊ ဆရာမတွေထောက်ပံ့ပေးနိုင်ဖို့က အခက်အခဲရှိလာတဲ့အပေါ်မှာ ပေးဆပ်လာတဲ့ ကျောင်းဆရာ၊ ဆရာမတွေကို ထောက်ပံ့ပေးမယ့်ရန်ပုံငွေရဖို့လည်း ဒီကမ်ပိန်းမှာလုပ်ဆောင်သွားမယ်” ဟု ၎င်းက ပြောသည်။

ကမ်ပိန်းကာလ အချိန်တစ်လ ကြာမြင့်မည်ဖြစ်ပြီး လှုပ်ရှားမှုအစီစဉ်အဖြစ် စျေးရောင်းပွဲတော်နှင့် ကံစမ်းမဲ ရောင်းချသည့်အစီစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကမ်ပိန်းဦးဆောင်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်တွင် ကော်သူးလေဒေသအတွင်းရှိ ကျောင်းဆရာ၊ ဆရာမဦးရေ(၁၁,၉၃၉) ဦးရှိပြီး ကျောင်းသူ၊ကျောင်းသား (၁၄၉,၇၂၈)ဦးနှင့် စာသင်ကျောင်းပေါင်း (၁,၇၃၈) ကျောင်းရှိသည်။

ပညာရေးရန်ပုံငွေမလုံလောက်မှုကြောင့် ယခင်က ကျောင်းဆရာ၊ ဆရာမတစ်ဦးကို တစ်နှစ်လျှင် ထိုင်းဘတ်ငွေ (၁၀,၀၀၀) ကျော် ထောက်ပံ့ပေးနိုင်ရာမှ ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်တွင် တစ်ဦးကို ထိုင်းဘတ်(၇,၅၀၀)အထိသာ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း KECD ဖော်ပြထားချက်အရ သိရသည်။

၎င်း ဘတ်ငွေ (၇,၅၀၀) မှာ လက်ရှိပေါက်ဈေးဖြင့် မြန်မာငွေ (၁,၀၀၀,၀၀၀)ဆယ်သိန်း နီးပါးရှိပြီး လနှင့်အချိုးကျပြန်တွက်ပါက ကော်သူးလေကျောင်းဆရာ၊ ကျောင်းဆရာမ တစ်ဦး၏လစာငွေမှာ တစ်လလျှင် ၈ သောင်းဝန်းကျင်သာ ရရှိသည်။