ဇွန်လ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်လူငယ်များ၏ ဘဝဖြတ်သန်းမှုပုံရိပ်များနှင့် အနုပညာလက်ရာများကို နိုင်ငံတကာအသိုင်းအဝိုင်းမှ ပိုမိုသိရှိလာစေရန် ရည်ရွယ်၍ ကော်သူးလေအနုပညာကျောင်း (Kawthoolei Art School) က ဥရောပမြို့ကြီးများတွင် အနုပညာပြပွဲနှင့် မှတ်တမ်းရုပ်ရှင်ပြသခြင်းများကို လှည့်လည် ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ ခရီးစဉ် ပြပွဲကို Kawthoolei Art Academy ၏ ဒါရိုက်တာ နော်လားစေးမှ ဦးဆောင်ပြီး ကော်သူးလေအနုပညာကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများ၊ ဒေသခံလူငယ်များနှင့် ဆရာ၊ ဆရာများက စုပေါင်း၍ ပန်းချီကား အချပ် ၄၀ ဝန်းကျင်နှင့်အတူ ကျောင်း၏ လှုပ်ရှားမှုနှင့် ကျောင်းသား လူငယ်များ၏ ဘဝအခြေအနေကို ရိုက်ကူးထားသည့် “Kawthoolei Art School Image and Life” မှတ်တမ်းရုပ်ရှင် ပြသခြင်းများ ပါဝင်သည်ဟု သိရသည်။
ကျောင်းဒါရိုက်တာ နော်လားစေးက “မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုသူတွေက စိတ်ဝင်တစားရှိကြသလို စိတ်မကောင်းဖြစ်ကြတယ်။ စစ်ဘေးဒဏ်ကြောင့် ရှောင်တိမ်းနေရပြီး ခက်ခက်ခဲခဲနဲ့ ပညာသင်ယူနေရတဲ့ အခြေအနေကိုလည်း ပိုမိုနားလည်သွားကြတယ်။ ကျောင်းကလည်း ပြည်သူ့ပံ့ပိုးမှုနဲ့ လည်ပတ်နေတာဖြစ်လို့ ဘယ်လိုကူညီနိုင်မလဲဆိုတာကိုလည်း ဆွေးနွေးခဲ့ကြတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ယခု ဥရောပခရီးစဉ်မှတစ်ဆင့် နိုင်ငံတကာအနုပညာရှင်များနှင့် အနုပညာတက္ကသိုလ်များနှင့် ချိတ်ဆက်ကာ ကျောင်း၏အရည်အသွေးကို မြှင့်တင်နိုင်ရန် မျှော်မှန်းထားသလို မြန်မာနိုင်ငံတွင်း လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တော်လှန်ရေး အခြေအနေများကိုလည်း နိုင်ငံတကာက ပိုမိုသိရှိလာစေရန် ရည်ရွယ်သည်ဟုလည်း နော်လားစေးက ဆက်ပြောသည်။
” ကျမတို့ ကော်သူးလေရဲ့ လွတ်မြောက်မှုအတွက် လုပ်ဆောင်နေရတဲ့ တော်လှန်ရေးတိုက်ပွဲတွေ အကြောင်းကို လူတွေပိုသိလာပြီး ထောက်ခံအားပေးမှု၊ ဖက်ဒရယ်ဒီမိုကရေစီ ထောက်ခံမှုတွေ ပိုမိုရရှိလာမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

အဆိုပါ ကော်သူးလေ အနုပညာကျောင်း၏ ဥရောပခရီးစဉ်အဖြစ် ပထမဆုံးပြပွဲကို ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့တွင် ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်မြို့၌ နှစ်ရက်ကြာ ကျင်းပပြီးစီးခဲ့သည်။ ထို့အပြင် ဇွန်လ ၂၈ ရက်နေ့တွင်လည်း ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၌ ပန်းချီပြပွဲနှင့် မှတ်တမ်းရုပ်ရှင်ပြသခြင်းကို လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။
ထိုပြပွဲတွင် ပြည်ပရောက် ကရင်အသိုင်းအဝိုင်းများ အပါအဝင် နိုင်ငံခြားသားဧည့်သည်များ ပါဝင်တက်ရောက်ခဲ့ကြပြီး ခင်းကျင်းပြသထားသည့် ပန်းချီကားများ၊ မှတ်တမ်းရုပ်ရှင်နှင့် ပတ်သက်ပြီး တက်ရောက်လာသူများနှင့် အမေးအဖြေပြုလုပ်ခြင်း၊ အကြံပြုဆွေးနွေးခြင်း အစီအစဥ်များ ထည့်သွင်းပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
ထို့အတူ လာမည့် ဇူလိုင်လ ၁၈ ရက်နေ့တွင်လည်း ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၌ ပြပွဲများ ဆက်လက်ပြသသွားရန်ရှိကြောင်း၊ ကျန်ရှိသည့် ဥရောပနိုင်ငံများတွင်လည်း ပြပွဲများ ဆက်လက် ပြုလုပ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိနေကြောင်း ဦးဆောင်စီစဥ်သူများထံမှ သိရသည်။
၂၀၂၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Kawthoolei Art School သည် လက်ရှိတွင် ကော်သူး လေနယ်မြေအပြင် ထိုင်း-မြန်မာနယ်စပ်ဘက်တွင်ပါ အချိန်ပြည့်ကျောင်းများ ဖွင့်လှစ်ထားရှိပြီး Community Arise Program အပါအဝင် အနုပညာပရော့ဂျက်များကို လုပ်ဆောင်နေသည့် ကျောင်းတစ်ခု ဖြစ်သည်။



















