Home သတင်း ဝေါလေဗျူဟာကုန်း တကျော့ပြန်တိုက်ပွဲကြောင့် ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရ၊ ထိုင်းဘက်သို့ ဒရုန်းကျရောက်ပေါက်ကွဲ၍ မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ ဦးသေဆုံး

ဝေါလေဗျူဟာကုန်း တကျော့ပြန်တိုက်ပွဲကြောင့် ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရ၊ ထိုင်းဘက်သို့ ဒရုန်းကျရောက်ပေါက်ကွဲ၍ မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ ဦးသေဆုံး

287
Photo: Crd.

ဇွန်လ ၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ မြဝတီမြို့နယ်တောင်ပိုင်းရှိ စစ်အုပ်စု၏ ဝေါလေဗျူဟာကုန်းစခန်းတွင် ယမန်နေ့နံနက်ပိုင်းမှစ၍ နှစ်ဖက်တိုက်ပွဲ ပြန်လည်ပြင်းထန်လာ သောကြောင့် ထောင်နှင့်ချီသည့် ဒေသခံများ ထိုင်း-မြန်မာနယ်စပ်နှင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်ခိုလှုံနေရသည်ဟု သိရသည်။

အဆိုပါ တိုက်ပွဲကြောင့် ဒေသခံ ၃,၀၀၀ ကျော်သည် နှစ်နိုင်ငံနယ်စပ်အနီးတွင် ယာယီ စစ်ဘေးရှောင်နေရပြီး ၎င်းတို့အနက် လူဦးရေ ၂၀၀ ခန့်မှာ ထိုင်းဘက်ခြမ်းသို့ ဝင်ရောက်ခိုလှုံနေကြရသည်ဟု ဒေသခံများက ပြောသည်။

“ ရပ်ကွက် (၆) က ဒေသခံတွေဆိုရင်တော့ တိုက်ပွဲဖြစ်ရင် ပြေးကြပြီး ငြိမ်သွားရင် ပြန်လာကြတာပဲ။ ဒီမနက်အထိတော့ တိုက်ပွဲသံ ပြန်ငြိမ်နေတယ်” ဟု စစ်ရှောင်ကူညီပေးနေသည့် ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယမန်နေ့ တိုက်ပွဲဖြစ်ပွားစဉ်အတွင်း မြန်မာနိုင်ငံဘက်မှ ပစ်ခတ်လိုက်သော အသေခံဒရုန်း (Kamikaze Drone) တစ်စင်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် မြန်မာရွှေ့ပြောင်း လုပ်သား ၃ ဦး သေဆုံးခဲ့ရကြောင်း ထိုင်းသတင်းမီဒီယာအချို့တွင် ဖော်ပြထားသည်။

အဆိုပါ ဝေါလေဗျူဟာကုန်း၏ ကာကင်းစခန်းအချို့ကို စတင်တိုက်ခိုက်စဉ်က တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်အုပ်စု၏ ပြင်းထန်သည့် လေကြောင်း တုံ့ပြန်မှုကြောင့် ပင်မကုန်းစခန်းကို မသိမ်းပိုက်နိုင်ဘဲ ဆုတ်ခွာခဲ့ရကာ စခန်းကို ဝိုင်းဝန်း ပိတ်ဆို့ထားသည့် အနေအထားတွင်သာ ရှိခဲ့သည်။

သို့သော် ယမန်နေ့ နံနက်အစောပိုင်းမှစတင်၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စခန်းကုန်းကို တကျော့ပြန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်အုပ်စုဘက်ကလည်း လေကြောင်းဖြင့် အသည်းအသန် ခုခံကာကွယ်နေရသည်ဟု ဝေါလေဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

Photo: Crd.

၎င်းက “မနေ့က မနက်အစောကြီးကတည်းက ပြန်ပြီးတော့ ပြင်းပြင်းထန်ထန် ဖြစ်ကြတာ။ ဒရုန်းနဲ့ ပစ်တာတွေရော ကြားရတယ်။ စစ်တပ်ဘက်က လေယာဉ်နဲ့ လာပစ်တယ်။ အခုက တိုက်ပွဲဖြစ်တဲ့ ဝေါလေတစ်ခုတည်းကိုပဲ မဟုတ်ဘူး၊ ပတ်ပတ်လည်ကို လိုက်ကြဲနေတာ။ တိုက်ပွဲနဲ့ တိုက်ရိုက်မဆိုင်တဲ့ သူတို့ရဲ့ အရင် ဥကရစ်ထစခန်း နေရာဟောင်းကိုလည်း သွားကြဲတယ်လို့ ကြားရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုင်းမီဒီယာများ၏ ဖော်ပြချက်အရ လက်ရှိတွင် တိုက်ပွဲကြောင့် ထိုင်းဘက်သို့ စစ်ဘေးရှောင်လာသူ ၂၀၀ ခန့်ကို ထိုင်းအာဏာပိုင်များက ယာယီခိုလှုံခွင့်ပေးထားပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူ အညီများ ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

ထို့အတူ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် နီးကပ်သည့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်လုံးကိုလည်း ထိုင်းအာဏာပိုင်များနှင့် တာဝန်ရှိသည့် စစ်ဘက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များက မျက်ခြေမပြတ် စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။

ဝေါလေဗျူဟာကုန်းသည် ထိုဒေသတွင် စစ်အုပ်စု၏ တစ်ခုတည်းသော လက်ကျန်နယ်စပ်စခန်းဖြစ်ပြီး ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှစ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင် သည့် ပူးပေါင်းတပ်ဖွဲ့များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် မတ်လ ၃၁ ရက်နေ့ကတည်းက ဝေါလေဗျူဟာစခန်းနှင့် ပတ်ဝန်းကျင်ရှိ ကာကင်းစခန်းများကို စတင်ထိုးစစ်ဆင်ခဲ့ပြီး ဧပြီလ ၂၅ ရက်နေ့တွင် စခန်းကုန်းပေါ်အထိ အလုံးအရင်းဖြင့် တက်ရောက်တိုက်ခိုက်ခဲ့သည်။

စစ်အုပ်စုဘက်ကလည်း စခန်းမကျစေရန် အပြင်းအထန်ခုခံခဲ့ပြီး ရိက္ခာနှင့် လက်နက်ခဲယမ်းများအတွက် လေကြောင်းပို့ဆောင်ရေးကိုသာ အဓိကအားထားခဲ့ရကာ တစ်ရက်လျှင် လေကြောင်းဗုံးကြဲမှု အကြိမ်ရေများစွာ ပြုလုပ်ခဲ့သဖြင့် အရပ်သား ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။