Home သတင်း လယ်ဒိုတွင် စစ်အုပ်စုလက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင် မိသားစုဝင် ၃ ဦးသေဆုံး

လယ်ဒိုတွင် စစ်အုပ်စုလက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင် မိသားစုဝင် ၃ ဦးသေဆုံး

280
Photo: KPSN

ဇွန်လ ၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်တွင် အာဏာသိမ်းစစ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကလေးငယ်အပါအဝင် မိသားစုဝင် ၃ ဦးသေဆုံးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်-KPSN က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလ၃၀ ရက်နေ့တွင် လယ်ဒိုမြို့နယ်အခြေစိုက် ပိန်းဇလုပ်အခြေစိုက် စစ်အုပ်စု၏ခြေလျင်တပ်ရင်း(ခလရ-၂၆၄) မှ ၁၅၅ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ဝေ‌ဒေါခို‌ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

၎င်းလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် ၄၅ နှစ်အရွယ် မိခင်ဖြစ်သူနှင့် အသက် ၄၇ နှစ်အရွယ် ဖခင်ဖြစ်သူတို့မှာ အခင်းဖြစ်ပွားရာနေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့သည်။ ထို့အတူ အသက် ၁၈နှစ်အရွယ် သမီးဖြစ်သူမှာ ဗုံးစထိမှန်ကာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ထိသွားတဲ့ တစ်ယောက်က သူ့သမီးပဲ။ အဲ့ချိန်မှာ သူတို့က လူကြီးတွေရဲ့ ရိုးရာ အလုပ် လုပ်နေကြတာ။ ရန်သူက လက်နက်ကြီးပစ်ချတော့ သူတို့အိမ်ထိပြီး မိဘကော မောင်ကော အကုန် သေသွားကြတာ” ဟု ကျောက်ကြီးမြို့နယ် ကေအဲန်ယူပြောရေးဆိုခွင့်ရှိသူ ပဒိုစောဝါးမူက ကေအိုင်စီသို့ ပြောသည်။

အလားတူ မေလ (၂၆)ရက်နေ့ကလည်း လယ်ဒိုမြို့နယ်၊ ကျွန်းကြီးကျေးရွာအတွင်းသို့ စစ်အုပ်စု၏ အထက်ပါခြေလျင်တပ်ရင်းမှ လက်နက် ကြီး(၂)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ရကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။

Photo: KPSN

စစ်အုပ်စုသည် ယခုလို တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်လှုပ်ရှားရာနယ်မြေရှိ ကျေးရွာများကို ပစ်မှတ်သဖွယ်ထား တိုက်ခိုက်မှုပိုမိုလုပ်ဆောင်လာသောကြောင့် လူထိခိုက်သေဆုံးမှု မကြာခဏဖြစ်ပွားရသလို နှစ်နှင့်ချီအိမ်မပြန်နိုင်သေးသော စစ်ရှောင်အခြေအနေများ ရှိကြောင်းလည်း ဒေသခံနှင့်နယ်မြေတာဝန်ရှိသူများက ပြောသည်။

လက်ရှိ ဒေသအတွင်း စစ်ရေးပဋိပက္ခများအပြင် မိုးရာသီကာလသဘာဝဘေးအန္တရာယ်များကြောင့် ဒေသခံစစ်ဘေးရှောင်ပြည်သူများ၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေးအတွက်ပါ အကူ အညီများစွာလိုအပ်လျက်ရှိကြောင်း လယ်ဒိုမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ (KRC)ထံမှ သိရသည်။

KRC ပြောရေးဆိုခွင့်ရှိသူက “ စစ်ရှောင်ရဲ့ အခြေအနေတော့ တော်တော်ဆိုးတယ်။ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးတို့ အဲဒါတွေ အဓိက အခက်အခဲဖြစ်နေတယ်။ ၅ လပိုင်း ၆လထဲမှာတော့ စစ်ရေးတွေ တော်တော် ပြင်းထန်လာတယ်။ ခုထိ နေရပ်ပြန်လို့ မရတဲ့ ရွာပေါင်း ၄၀ ဝန်းကျင်ရှိတယ်။ တချို့ စာရင်းရတဲ့ နေရာမှာ ကျနော်တို့ ကူညီပေးတာရှိပေမယ့် လုံလောက်မှုမရှိဘူး” ဟု ၎င်းက ပြောသည်။

ကေအဲန်ယူ၏ မတ်လ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်းရှိ ပြည်သူ လူထု နေထိုင်သည့် ကျေးရွာများကို စစ်အုပ်စုက လေကြောင်း တိုက်ခိုက်ခြင်း၊ မြေပြင်မှ စစ်ကြောင်းထိုးဝင်ရောက်နေခြင်းကြောင့် ရွာပေါင်း(၁၃)ရွာနေ ဒေသခံလူဦးရေ (၅,၈၇၀)ခန့် နေစရာအိမ်မဲ့ခဲ့ရကြောင်း သိရသည်။

ခလယ်လွီထူ(ညောင်းလေးပင်)ခရိုင်အတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် အရပ်သားထိခိုက်သေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်အုပ်စုဘက်က သတင်းထုတ်ပြန်ခြင်းတစ်စုံတစ်ရာ မတွေ့ရှိရပေ။