Home သတင်း ရေးဘီလူး စခန်းနေရာတဝိုက် လေကြောင်းထပ်မံတိုက်ခိုက်ခံရ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်(၁)ဦးသေဆုံး

ရေးဘီလူး စခန်းနေရာတဝိုက် လေကြောင်းထပ်မံတိုက်ခိုက်ခံရ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်(၁)ဦးသေဆုံး

278
Photo: CJ

ဇွန် (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ရေးဘီလူးတပ်ဖွဲ့ စခန်းနေရာတဝိုက်မှာ ယနေ့ ဇွန်လ(၃)ရက် မနက်(၁)နာရီက စစ်အုပ်စုလေယာဥ်ဖြင့် ဒုတိယအကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင်(၁)ဦးသေဆုံးသွားကြောင်း ဒေသတွင်း နီးစပ်ရာသတင်းအရင်းအမြစ်မှ သိရသည်။

ညဥ့်နက်သန်းခေါင် လူခြေတိတ်ချိန်တွင် စခန်းနေရာ (၂)မိုင်ပတ်လည်ကို စစ်အုပ်စုလေယာဥ်ဗုံးကြဲချသွားခြင်းဖြစ်ပြီး လူသေဆုံးမှုနှင့်အတူ နေအိမ်တစ်လုံးလည်း အပျက်အစီးရှိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ရေးဘီးလူးစခန်းကတော့ ဟိုတခါကြဲကတည်းက ကြေမွကုန်ပြီ။ အခုကအဲဒီစခန်းနားပဲထပ်လာကြဲတာ ည(၁)နာရီလောက်က။ လုံခြုံရေးပေါက်တယ်ပြောရမှာပေါ့ တစ်ယောက်သေသွားတယ်” ဟု အဆိုပါဒေသခံက ပြောသည်။

ရေးဘီလူးစခန်းကို ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှုအား စစ်အုပ်စုက ပြီးခဲ့သည့်မေလ(၂၇)ရက်နေ့ မနက်(၁)နာရီဝန်းကျင်တွင် လုပ်ဆောင်သွားခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်(၆)ဦး သေဆုံး၍ (၂၀)ထက်မနည်း ထိခိုက်ဒဏ်ရာရမှုရှိခဲ့သည်။

ယခုလို စခန်းနေရာတဝိုက် ဒုတိယအကြိမ်လေယာဥ်တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့က တရားဝင်ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါ။ စစ်အုပ်စုဘက်ကမူ တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှု ယခင်ကထက် ပိုမိုများပြားကြောင်း ၎င်းတို့လော်ဘီချန်နယ်များမှတဆင့် သတင်းဖြန့်ဝေထားသည်။