Home သတင်း တနင်္သာရီမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်ကြောင်းထိုးပြီး စာသင်ကျောင်း၊ ဘုရားကျောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီး

တနင်္သာရီမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်ကြောင်းထိုးပြီး စာသင်ကျောင်း၊ ဘုရားကျောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီး

316
Photo: KNU-MTD

ဇွန်လ ၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်၊ တနောသရီ (တနင်္သာရီ) မြို့နယ်ရှိ တကောဖောလူကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်အုပ်စုတပ်သည် ရွာရှိစာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံများနှင့် ပြည်သူ့နေအိမ်များကို မီးရှို့ဖျက် ဆီးခဲ့ကြောင်း ကေအဲန်ယူက ယနေ့ သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် အဆိုပါ အာဏာသိမ်းစစ်တပ်သည် မောတောင်မြို့အတွင်းသို့ ပြန်လည်ဝင်ရောက် တပ်စွဲပြီးနောက် တကောဖောလူကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံပြည်သူများ၏ နေအိမ်များနှင့် အများပိုင်အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၏ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်အုပ်စုတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် တကောဖောလူကျေးရွာရှိ ပြည်သူ့နေအိမ် (၇) လုံး၊ အထက် တန်းစာသင်ကျောင်း (၁) လုံး၊ ကျောင်းသူ/ကျောင်းသားနေ ဘော်ဒါဆောင် (၁) လုံး၊ ခရစ်ယာန်ကျမ်း စာကျောင်း (၁) လုံး၊ ခရစ်ယာန်သာသနာပိုင်ဆုတောင်းခန်း (၁) လုံး၊ ခရစ်ယာန် အသင်းတော်အိမ် (၁) လုံးနှင့် အသင်းတော်ခန်းမဆောင် (၁) လုံးတို့ မီးလောင်ပြာကျ ပျက်စီးခဲ့ရသည်။

ထို့အပြင် ကျေးရွာအတွင်း ကျန်ရှိနေသေးသည့် ခရစ်ယာန်ဘုရားကျောင်း (၁) လုံးအပါအဝင် ကျောင်းသူ/ကျောင်းသားဆောင်များနှင့် အခြားပြည်သူ့နေအိမ်များကိုလည်း စစ်အုပ်စုတပ်က ရိုက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo: KNU-MTD