ဇွန် (၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ရခိုင်တွင် သတင်းယူနေစဥ် စစ်အုပ်စု၏ ဖမ်းဆီးထောင်ချခံလိုက်ရသည့် မြန်မာ့သတင်းဓာတ်ပုံဆရာ ကိုစိုင်းဇော်သိုက်ကို နယ်စည်းမခြားသတင်းသမားများအဖွဲ့-RSF မှ သတ္တိရှင်(Courage Prize) ဆု ချီးမြှင့်လိုက်ကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ(၁)ရက်နေ့က (၇၇)ကြိမ်မြောက် ကမ္ဘာ့သတင်းမီဒီယာညီလာခံတွင် ထည့်သွင်းပြုလုပ်ခဲ့သော RSF ၏ (၃၄)ကြိမ်မြောက် သတင်းလွတ်လပ်ခွင့်ဆုပေးပွဲအခမ်းအနား၌ ကိုစိုင်းဇော်သိုက် ပါဝင်သော နိုင်ငံတကာသတင်းထောက်(၅)ဦးကို RSF ဆုအသီးသီး ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ကိုစိုင်းဇော်သိုက်အား မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်သတင်းထုတ်ဖော်ခဲ့သည့် လုပ်ရပ်ကြောင့် သတ္တိရှင်ဆု ချီးမြှင့်ခြင်းဖြစ်သည်ဟု RSF က ဆိုသည်။
ကိုစိုင်းဇော်သိုက်မှာ မြန်မာစစ်တပ် အာဏာမသိမ်းခင်ကတည်းက သတင်းလုပ်ငန်း လုပ်ဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ် ပဋိပက္ခများနောက်ပိုင်း စစ်အုပ်စု၏လူ့အခွင့်အရေးချိုးဖောက်မှုများကို အန္တရာယ်ကြားမှ ပုန်းအောင်းနေထိုင်ရင်း ဖမ်းဆီးမခံရခင်အချိန်အထိ မှတ်တမ်းတင်ခဲ့သူဖြစ်ကြောင်း RSF က ဖော်ပြထားသည်။
၎င်းဆုရရှိမှုနှင့်ပတ်သက်ပြီး လွတ်လပ်သောမြန်မာ သတင်းမီဒီယာကောင်စီ-IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က “အခုလိုအသိအမှတ်ပြုခံရတာ ဝမ်းသာတယ်။ တစ်ချိန်တည်းမှာပဲစိုးရိမ်တယ်။ ကိုစိုင်းဇော်သိုက်က သူ့ကျန်းမာရေးမကောင်းဘူး ဆေးကုသခွင့်လည်းမရဘူးလို့ကြားတယ်။တကယ်တော့ ဘာရာဇဝတ်မှုမှ လုပ်ခဲ့တာမဟုတ်ဘဲ မဆိုင်တဲ့အကြမ်းဖက်ပုဒ်မနဲ့ ထောင်ချခံလိုက်ရတာ” ဟု ကေအိုင်စီကို ပြောသည်။
ကိုစိုင်းဇော်သိုက်အပါအဝင် ဖမ်းဆီးခံ သတင်းသမားများအားလုံးကို ပြန်လွှတ်ပေးရန်နှင့် မတရားဖမ်းဆီးနှိပ်စက်မှု ကျူးလွန်သူများအနေဖြင့် တာဝန်ခံရမည်ဟုလည်း ဦးတိုးဇော်လတ်က ဖြည့်စွက်ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မေလက ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းသတင်းသွားရောက်ယူနေစဥ် ဖမ်းဆီးခံလိုက်ရသည့် ကိုစိုင်းဇော်သိုက်ကို စစ်အုပ်စုက ထောင်ဒဏ်အနှစ်(၂၀)နှင့်အလုပ်ကြမ်းလုပ်ရန် ပြစ်ဒဏ်ချမှတ်ထားသည်။ ထို့အပြင် ၎င်းအား လက်ရှိ ရန်ကုန်၊ အင်းစိန်ထောင်၌ ထားရှိပြီး ထောင်အာဏာပိုင်များ၏ နှိပ်စက်မှုခံနေရကြောင်းလည်း RSF က ဖော်ပြသည်။
RSF သည် ကမ္ဘာတစ်ဝန်းသတင်းလွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ရန်နှင့်မြှင့်တင်ရန် ပါဝင်အားဖြည့်ခဲ့ကြသူ သတင်းထောက်များနှင့်မီဒီယာများကို အသိအမှတ်ပြုသည့်အနေဖြင့် နှစ်စဥ် သတင်းလွတ်လပ်ခွင့်ဆုများ ပေးအပ်ချီးမြှင့်လေ့ရှိသည်။
၂၀၂၆ ခုနှစ်တွင် ထိုဆုအတွက် နိုင်ငံပေါင်း(၂၅)နိုင်ငံမှ သတင်းထောက်နှင့်မီဒီယာလုပ်ငန်းစုစုပေါင်း (၂၈)ခု မှ ဆုကဏ္ဍ(၅)ခုတွင် ယှဥ်ပြိုင် စကာတင်စာရင်းဝင်ခဲ့ကြပြီး မြန်မာမှ ကိုစိုင်းဇော်သိုက်အပါအဝင် မိုဇမ်ဘစ်၊ အာဂျင်တီးနား၊ ဂီနီ၊ ပါလက်စတိုင်း တို့မှ သတင်းထောက်(၅)ဦးက ဆုများရရှိခဲ့ကြောင်း သိရသည်။



















