Home သတင်း ဝေါလေဗျူဟာကုန်းတိုက်ပွဲကြောင့် ဒေသခံ ၃,၀၀၀ ကျော် လနှင့်ချီ နေအိမ်မပြန်နိုင်

ဝေါလေဗျူဟာကုန်းတိုက်ပွဲကြောင့် ဒေသခံ ၃,၀၀၀ ကျော် လနှင့်ချီ နေအိမ်မပြန်နိုင်

442
Photo: CJ (ပုံဟောင်း)

မေ (၁၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ ဝေါလေစစ်ဗျူဟာကုန်းနေရာတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့်စစ်အုပ်စု တိုက်ပွဲပြင်းထန်နေ၍ ဝေါလေမြို့ ရပ်ကွက်(၅)ခုရှိ၊ အိမ်ထောင်စု(၆၂၉)စုမှ လူဦးရေ(၃,၀၀၀)ကျော် နယ်စပ်နေရာများတွင် စစ်ဘေးရှောင်နေရပြီး လနှင့်ချီ နေအိမ်မပြန်နိုင်ကြသေးကြောင်း မြို့အုပ်ချုပ်ရေးအပိုင်းမှ သိရသည်။

ပြီးခဲ့သည့် မတ်လမှစတင်ပြီး လက်ရှိအချိန်ထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KLNA နှင့် မဟာမိတ်ပူးပေါင်းတပ်များက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေတွင် လာရောက်အထိုင်ချထားသည့် စစ်အုပ်စု၏ဗျူဟာကုန်းစခန်းအား တိုက်ခိုက်နေခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းအပြင် လူနေရပ်ကွက်နှင့်ကျေးရွာများဘက်သို့ ဒရုန်းနှင့်လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ဒေသခံများမှာ ထိုင်းနိုင်ငံဘက်နှင့်ဝေါလေဒေသ သောင်ရင်းမြစ်ကမ်းအနီး ရှောင်တိမ်းနေကြရသည်ဟု ဝေါလေရပ်ကွက်အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

“လူဦးရေ အားလုံးပေါင်း (၃,၂၆၉) ယောက်ရှိတယ်။ လေယာဉ်က မိုးရွာလည်းလာကြဲနေတာပဲ။ ဒရုန်းနဲ့ချတဲ့အပြင် လက်နက်ကြီးကရပ်ကွက်ထဲကိုကျနေတာ ရှိနေတယ်။ တိုက်ပွဲမပြီးသေးဘူးဆိုတော့ အိမ်မပြန်ရဲကြဘူးလေ၊ ကမ်းနားပိုင်းနဲ့ ထိုင်းရှမ်းကုန်းဘက် ပြောင်းနေနေကြတုန်းပဲ။” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကတည်းက အချိန်အခါမဟုတ်မိုးရွာသွန်းမှုများ ဆက်တိုက်ရှိနေ၍ အိမ်မပြန်နိုင်ကြသည့်စစ်ဘေးရှောင်များမှာ ဇရပ်နေရာများ၊ တောင်ယာထဲရှိ ဂိုထောင်နေရာများတွင် ခိုလှုံနေကြရသည်ဟု ဆိုသည်။

ဝေါလေတွင်စစ်ဘေးအတူရှောင်ကြသည့်အနက် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA လက်နက်ကိုင်အဖွဲ့မိသားစုအချို့လည်း ပါဝင်သည်။

၎င်းတို့မှာ DKBA လှုပ်ရှားသော ကျောက်ခက်ဒေသဘက်သို့ ရွှေ့ပြောင်းနေထိုင်ကြခြင်းရှိသည်ဟု ဝေါလေစစ်ရှောင်အသိုင်းအဝိုင်းထံမှ သိရသည်။

ဝေါလေရပ်ကွက်မှစစ်ဘေးရှောင်တစ်ဦးက “ကျောက်ခက်မှာ ပြောင်းဖို့ နေဖို့က လမ်းလျှောက်သွားမှရမယ် မလွယ်ဘူး။ သူတို့ DKBA တပ်မိသားစုတွေကတော့ ကျောက်ခက်ဘက် ပြောင်းနေတာမျိုးရှိပါတယ်” ဟု ကေအိုင်စီကို ပြောသည်။

မြဝတီတောင်ပိုင်း စစ်ဘေးရှောင်စခန်းများမှရသည့် အချက်အလက်များအရ တိုက်ပွဲကြောင့် ဝေါလေအပါအဝင် ထိုင်း-ကရင်နယ်စပ်ဒေသအတွင်း လတ်တလော စစ်ဘေးရှောင်နေရသူ စုစုပေါင်း ၇,၀၀၀ ဝန်းကျင် ရှိသည်။

တဖက်တွင် တိုက်ပွဲအခြေအနေမှာ ဝေါလေစစ်ဗျူဟာကုန်းသာမက ဖလူး၊ မင်းလက်ပံ ကျေးရွာများဘက်တွင်ပါ ဖြစ်ပေါ်နေပြီး စစ်အုပ်စုက တော်လှန်ရေးတပ်ဖွဲ့နေရာများကို မှန်းဆ၍ နေ့စဉ် လေကြောင်းဗုံးကြဲခြင်းနှင့် ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်နေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။