Home သတင်း လေပြင်းတိုက်ခတ်မှုကြောင့် နယ်စပ်ဒေသရှိ စစ်ရှောင်စခန်းများတွင် အမိုးအကာများ ပြိုကျပျက်စီး၍ အကူအညီလိုအပ်နေ

လေပြင်းတိုက်ခတ်မှုကြောင့် နယ်စပ်ဒေသရှိ စစ်ရှောင်စခန်းများတွင် အမိုးအကာများ ပြိုကျပျက်စီး၍ အကူအညီလိုအပ်နေ

345
Photo: Crd.

မေလ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြဝတီတောင်ပိုင်းရှိ နယ်စပ်ယာယီစစ်ဘေးရှောင်စခန်းများတွင် ယခုရက်ပိုင်းအတွင်း မိုးကြီးပြီး လေးပြင်းတိုက်ခတ်မှုများကြောင့် စစ်ရှောင်စခန်းတွင် နေထိုင်အသုံးပြုသည့် အမိုးအကာများ ပြိုကျပျက်စီးကုန်ကာ ၎င်းအမိုးအကာများအတွက် အကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

ယခု မေလ ဒုတိယအပတ်မှ စတင်ကာ မိုးရွာသွန်းမှု နှင့် လေးပြင်းတိုက်ခတ်မှု ဆက်တိုက်ပြင်းထန်လျက်ရှိသောကြောင့် ကမ်းနံဘေးတွင် ယာယီသဘောမျိုးသာ တည်ဆောက်ထားသည့် အိမ်ခြေ ၄၀ ဝန်းကျင်ခန့်မှာ အမိုးအကားများ ပျက်စီးကုန်ပြီး အရေးပေါ် အမိုးအကာ အကူ အညီများလိုအပ်နေသည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။

ပလောတပို့ စစ်ရှောင်များအား အနီးကပ် ကူညီပေးနေသူ အမျိုးသမီးတစ်ဦးက “ လောဆယ် ဘာမှ အဆင်မပြေဘူး။ မိုးကြီးလေကြီးတော့ နေရာထိုင်ခင်း အခက်အခဲရှိတယ်။ ဒရုန်းဝဲနေတော့ ကိုယ့်နေရာမှာလည်း မနေရဲဘူး။ ကမ်းနံဘေးဆင်းပြီး တာလပတ်နဲ့ ဆောက်ပြီး နေကြတာ။ အခု လေပြင်းတိုက်တော့ တာလပတ်ပြဲတာ အိမ်ပြိုတာတွေရှိတယ်။ ဆေးခန်းလည်း နေရာရွှေ့ပြီး အသစ်ပြန်ဆောက်ဖို့ ဆောက်လုပ်ရေး ပစ္စည်းတွေ လိုနေတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ပလောတပို့စစ်ရှောင်စခန်းရှိ အိမ်ခြေ ၇၀၀ ကျော်၊ လူဦးရေ ၁,၀၀၀ ဝန်းကျင်ခန့်သည် စစ်အုပ်စု၏ ဒရုန်းရန်ကို စိုးရိမ်သောကြောင့် ကမ်းနံဘေးတွင် တာလပတ်တဲများဖြင့် အစုအဖွဲ့အလိုက် တဲထိုးနေထိုင်ကြခြင်းဖြစ်သည်။ ၎င်းတို့တွင် လက်ရှိ နေရာထိုင်ခင်း အခက်အခဲရှိနေသလို အလှူရှင်နည်းပါးလာမှုကြောင့် စားနပ်ရိက္ခာလိုအပ်ချက်များလည်း ရှိနေကြောင်း အဆိုပါ စစ်ရှောင်ကူညီသူက ဆက်ပြောသည်။

အလားတူ ဝေါ်လေဒေသရှိ စစ်ဘေးရှောင်စခန်းတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ရှောင်ဦးရေ ၆၀၀ ကျော်နှင့် အိမ်ထောင်စု ၁၀၀ ကျော်အတွက် နေရာထိုင်ခင်းများ၏ အမိုးအကာနှင့် ဓာတ်ဆားနှင့် ဆေးဝါးလိုအပ်ချက်များနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူထံမှ သိရသည်။

“ မိုးရွာလာပြီဆိုရင် စားသောက်ဖို့တစ်ခုတည်း မဟုတ်ဘဲ နေဖို့ အမိုးအကာတွေအတွက်ပါ ပူနေရတယ်။ အရင် ၂ လ၊ ၃ လလောက်ကတော့ အကူအညီ တစ်ခါရဖူးတယ်။ အခု ထပ်တောင်းထားတာတွေကျတော့ ပလောတပို့ စစ်ရှောင်တွေအတွက် ပိုသုံးလိုက်ရတယ်။ စစ်ရှောင်အိမ်ထောင်စု ၁၀၀ ကျော်လောက်က အမိုးအကာတွေ ရိက္ခာတွေ အရေးပေါ် လိုနေပါတယ်” ဟု ဝေါ်လေစခန်းရှိ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီမြို့တောင်ဘက်ဒေသတွင် တိုက်ပွဲများကြောင့် နှစ်ရှည် နေရပ်စွန့်ခွာ နေထိုင်ရသည့် စစ်ရှောင်နေရာ (၈) ခုရှိ စစ်ဘေးရှောင် ၃,၀၀၀ ကျော်သည် နေအိမ်မပြန်နိုင်ကြသေးဘဲ စစ်ဘေးရှောင်ကာလကြာရှည်နေ၍ စားနပ်ရိက္ခာရရှိမှု ပိုခက်ခဲလာသလို စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု စိုးရိမ်မှုအခြေအနေအောက်၌ နေထိုင်ကြရသည်ဟု စစ်ဘေးရှောင်အရေး ကူညီသူများက ပြောသည်။