Home သတင်း မြဝတီမြို့ခံများ၏ အဓိကပြဿနာများအား လျစ်လျူရှုသည့် စစ်အုပ်စု၏ လူထုတွေ့ဆုံပွဲအပေါ် ဒေသခံများ ဝေဖန်

မြဝတီမြို့ခံများ၏ အဓိကပြဿနာများအား လျစ်လျူရှုသည့် စစ်အုပ်စု၏ လူထုတွေ့ဆုံပွဲအပေါ် ဒေသခံများ ဝေဖန်

478
Photo: CJ

မေလ ၁၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြည်နယ်စစ်အုပ်စုဦးဆောင်ပြုလုပ်သွားသည့် လူထုခေါ်ယူတွေ့ဆုံပွဲတွင် မြို့အတွင်း လက်တွေ့ကြုံနေရသည့် အဓိကပြဿနာများအား လျစ်လျူရှုပြီး ဆွေးနွေးတင်ပြပြောဆိုခြင်း မရှိ၍ ဒေသခံလူထုက ဝေဖန်ပြောဆိုနေကြသည်။

မြဝတီမြို့တော်ခန်းမ၊ ဓမ္မာရုံနေရာနှင့် မြစန္ဒီပန်းခြံတို့တွင် ပြီးခဲ့သည့် မေလ(၁၀)ရက်မှ(၁၂)ရက်နေ့အထိ စစ်တပ်ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အမတ်များနှင့် မြို့အုပ်ချုပ်ရေးပိုင်းမှဦးဆောင်ကာ လူထုတွေ့ဆုံပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပွဲအတွင်း မြို့၌ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေသော အွန်လိုင်းငွေလိမ်လုပ်ငန်းများ နှိမ်နှင်းတားဆီးရေး၊ ဒုစရိုက်မှု၊ အဂတိလိုက်စားမှု၊ လက်နက်ကိုင်ရမ်းကားမှုနှင့် လျှပ်စစ်မီး၊ ဆက်သွယ်ရေးပြဿနာများကို ဆွေးနွေးတင်ပြခြင်းမရှိသည့်အတွက် မြို့ခံလူထုက ထိုသို့ ဝေဖန်လိုက်ခြင်းဖြစ်သည်။

“သူတို့တွေ့ဆုံပွဲက ရပ်ကွက်ကလူတောင် သိပ်မပါဘူး။ အုပ်ကြီးတွေ ဌာနဆိုင်ရာတွေ ကုမ္ပဏီဝန် ထမ်းတွေ ကြံ့ခိုင်ရေးပါတီကလူတွေပဲ တက်ကြတယ်။ လွှတ်တော်ကဘာတွေလုပ်လို့ရတယ် ‌လိုအပ်တာပြောပေါ့ ရှင်းပြတယ်။ မြို့မှာ တစ်ကယ်ကြုံနေတဲ့ ကျားဖြန့်၊ ဆိုင်ကယ်ခိုး၊ ကားခိုး၊ လူတွေပေါ်တာဖမ်းတာမျိုးကို ဆွေးနွေးတာမျိုးမပါဘူး” ဟု မြဝတီမြို့အမှတ်(၄)ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ယခုမေလအတွင်း ပြည်နယ်စစ်အုပ်စုက မြဝတီ မြို့တွင်းမြို့ပြင် သာယာလှပရေးနှင့် ဖွံ့ဖြိုး တက်ရေးကိစ္စများ အဓိကထားကာ ဘတ်ဂျက်လျာထားရေး လုပ်ဆောင်နေသလို ရက်(၁၀၀)စ ီမံချက်ဖြင့် မှတ်ပုံတင်နှင့် စမတ်ကတ်များ ပြုလုပ်ပေးနေကြောင်းလည်း သိရသည်။

Photo: CJ

မြဝတီအပါအဝင် နယ်စပ်မြို့(၃)ခုတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ပြဿနာများကြောင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကတည်းက လျှပ်စစ်မီးနှင့် အင်တာနက်ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရသော အခြေအနေဖြစ်သည်။

စစ်အုပ်စုက ရွေးကောက်ပွဲအမည်ခံ၍ စိတ်တိုင်းကျအစိုးရသစ်ဖွဲ့ပြီးနောက်တွင်လည်း မြို့တွင်ပုံမှန် လည်ပတ်မှုပြန်မဖြစ်သေးသဖြင့် မြို့ခံလူထုအကြား ဝေဖန်ပြောဆိုနေကြခြင်းရှိသည်။

အမှတ်(၅)ကျွန်းတောရပ်ကွက်နေ မြဝတီမြို့ခံတစ်ဦးက “ရွေးကောက်ပွဲနိုင်တယ်ဆိုတဲ့ ကြံ့ခိုင်ရေး အမတ်တွေ လူထုတွေ့ဆုံပွဲသာလုပ်ပြနေတာ အဓိကကျတဲ့ လျှပ်စစ်မီး၊ ဖုန်းလိုင်း၊ ဝိုင်ဖိုင်၊ အင်တာနက်တွေ တစ်ခုမှပြန်မလာသေးဘူး။ ဆိုလာမဟုတ်ရင် မီးစက်နဲ့သုံးနေရတယ်။ ဖုန်း၊ အင်တာနက်ကို ထိုင်းလိုင်းတွေနဲ့သုံးနေရတယ်။” ဟု ကေအိုင်စီကို ပြောသည်။

ထိုင်း-ကရင်နယ်စပ် မြဝတီမြို့ကို စစ်အုပ်စုအုပ်ချုပ်ရေးယန္တရားလည်ပတ်မှု အားကောင်းရာ ဒေသအဖြစ် စစ်တပ်လော်ဘီအသိုင်းအဝိုင်းက လက်ခံပုံဖော်နေခြင်းရှိသည်။ မြဝတီစစ်အုပ်စုဘက်ကလည်း နယ်စပ်တွင်နှစ်ပေါင်းများစွာ အထိုင်ချလာသည့် ကရင်လက်နက် ကိုင်အဖွဲ့များကို ထိန်းချုပ်လိုသည့် ညွှန်ကြားချက်အမျိုးမျိုး ထုတ်ခဲ့သည်။

သို့ရာတွင် လက်ရှိအချိန်ထိ မြို့အတွင်း လက်နက်ကိုင်များပုံမှန်သွားလာနေကြသလို ကျားဖြန့်လုပ်ငန်း၊ လောင်းကစားလုပ်ငန်းများ၊ ခိုး၊ ဆိုး၊ လုယက်မှုနှင့် မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှုများဖြင့် ၎င်းတို့ကို ဖမ်းဆီးနှိမ်နှင်းမှုမရှိသောကြောင့် လွတ်လပ်ခွင့်ရနေသည်ဟု မြို့ခံအသိုင်းအဝိုင်းက ဆိုသည်။