Home သတင်း ထိုင်းတွင် မိုးသည်းထန်ပြီး ဆည်ကြီး ၄ ခု အပါအဝင် ရေကာတာများ၌ ရေသိုလှောင်မှု မြင့်တက်လာ၍ အထူးစောင့်ကြည့်နေ

ထိုင်းတွင် မိုးသည်းထန်ပြီး ဆည်ကြီး ၄ ခု အပါအဝင် ရေကာတာများ၌ ရေသိုလှောင်မှု မြင့်တက်လာ၍ အထူးစောင့်ကြည့်နေ

330
Reference: The Nation Thailand.

မေလ ၂၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံအတွင်း မိုးရွာသွန်းမှုနှုန်း ဆက်တိုက်မြင့်တက်လာခြင်းနှင့်အတူ နိုင်ငံ၏ အဓိကကျသော ရေကာတာကြီး ၄ ခုတွင် ရေသိုလှောင်မှုပမာဏ မြင့်တက်လာနေသောကြောင့် အာဏာပိုင်များက အထူး စောင့်ကြည့်လျက်ရှိကြောင်း The Nation Thailand သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ အမျိုးသားရေအရင်းအမြစ်ရုံး (ONWR) ၏ ထုတ်ပြန်ချက်အရ လက်ရှိတွင် နိုင်ငံတစ်ဝန်းရှိ ဆည်နှင့် ရေကာတာများ၌ စုစုပေါင်း ရေသိုလှောင်မှုပမာဏမှာ ၄၅ ဒသမ ၇၈၅ (၄၅.၇၈၅) ဘီလီယံ ကုဗမီတာ (သို့မဟုတ်) သိုလှောင်ပမာဏ၏ ၅၇ ရာခိုင်နှုန်းအထိ ရှိနေပြီဖြစ်သည်။ ယခင်နှစ်များ၏ ပုံမှန် ကာလများတွင် ဆည်များ၌ ပျမ်းမျှအားဖြင့် ၂၁ ဒသမ ၆၇၇ (၂၁.၆၇၇) ဘီလီယံ ကုဗမီတာ (သို့မဟုတ်) ၃၈ ရာခိုင်နှုန်းခန့်သာ ရေသိုလှောင်မှုရှိခဲ့ရာမှ ယခုနှစ်တွင် သိသိသာသာ မြင့်တက်လာခြင်းဖြစ်သည်။

လက်ရှိတွင် အဓိက ဆည်ကြီး ၄ ခု အပြင် အခြားသော ရေကာတာအသေးစားများတွင်လည်း ရေသိုလှောင်မှုပမာဏမှာ ၈၀ ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့ တည်ရှိရာ တာ့ခ်ခရိုင်အတွင်းရှိ အဓိကဆည်ကြီးတစ်ခုဖြစ်သော ဘူမိဘော (Bhumibol) ဆည်တွင်လည်း လက်ရှိ၌ ရေသိုလှောင်မှု ၅၇ ရာခိုင်နှုန်းအထိ ရှိနေပြီး ရေလွှမ်းမိုးမှု ဖြစ်ပေါ်နိုင်ခြေရှိသောကြောင့် အထူးသတိပြု စောင့်ကြည့်နေရသည့် ဆည်ကြီး ၄ ခုစာရင်းတွင် ပါဝင်နေသည်။

ထိုင်းမိုးလေဝသဌာန၏ ခန့်မှန်းချက်အရ နိုင်ငံတစ်ဝန်းတွင် မုတ်သုံရာသီ စတင်ဝင်ရောက်လာပြီဖြစ်၍ ဒေသအနှံ့အပြား၌ မိုးရွာသွန်းနိုင်ပြီး အထူးသဖြင့် မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် မိုးသည်း ထန်စွာ ရွာသွန်းနိုင်ကြောင်း၊ မြောက်ပိုင်းဒေသအချို့တွင် မိုးရေချိန် အမြင့်ဆုံး ၁၂၅ မီလီမီတာအထိ ရှိလာနိုင်ကြောင်း သတိပေးထားသည်။

ထို့ကြောင့် ဆည်များနှင့် နီးစပ်သည့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသူများနှင့် ရေလွှမ်းမိုးမှု အန္တရာယ်ရှိသော နေရာများမှ ပြည်သူများအနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်များ၏ အချိန်နဲ့တပြေးညီ ထုတ်ပြန်ချက်များကို ဂရုတစိုက်စောင့်ကြည့်ပြီး ရေမျက်နှာပြင် တက်လာမည့် အခြေအနေများကို အထူးသတိပြု နားစွင့်ထားကြရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။