Home သတင်း တရားမဝင်လုပ်သားဖမ်းဆီးရာတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကိုပါ စစ်ဆေးဖော်ထုတ်ရန် ရခိုင်အလုပ်သမားအဖွဲ့ မေတ္တာရပ်ခံ

တရားမဝင်လုပ်သားဖမ်းဆီးရာတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကိုပါ စစ်ဆေးဖော်ထုတ်ရန် ရခိုင်အလုပ်သမားအဖွဲ့ မေတ္တာရပ်ခံ

488

မေလ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းအစိုးရအနေဖြင့် တရားမဝင်ရွှေ့ပြောင်းလုပ်သားများကို စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ရာတွင် လုပ်ငန်းခွင် အတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရသည့် အခြေအနေများကိုပါ ထည့်သွင်းဖော်ထုတ် အရေးယူပေးရန်လိုအပ်ကြောင်း မဲဆောက်အခြေစိုက် ရခိုင်အလုပ်သမားများအဖွဲ့ (AWO) က မေတ္တာရပ်ခံလိုက်သည်။

ထိုင်းရဲချုပ်၏ ညွှန်ကြားချက်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တရားမဝင်ရွှေ့ပြောင်းလုပ်သားများကို (၃) လကြာ အထူးစစ်ဆေးဖမ်းဆီးရန် စီမံချက်များ ဆောင်ရွက်မည့်အပေါ် ရခိုင်အလုပ်သမားများအဖွဲ့ တာဝန်ခံ ကိုနိုင်အောင်အောင်က ယခုလို ပြောသည်။

“ဥပဒေအရ ဖမ်းဆီးတာကို ကျနော်တို့ ဘာမှကန့်ကွက်စရာမရှိပါဘူး။ တချက်ပြန်ပြီးစဥ်းစားဖို့လိုတာက ဖမ်းဆီး တာတစ်ခုတည်းမဟုတ်ဘဲနဲ့ တရားမဝင်လုပ်သားတွေကို ခိုင်းစေတဲ့ စက်ရုံတွေ၊ လုပ်အားခလစာမပေးတဲ့ စက်ရုံတွေရှိတယ်။ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတဲ့ များစွာတွေရှိတယ်။ အဲ့ဒီဟာတွေကိုလည်း အစိုးရဌာနတွေအနေနဲ့ အရေးယူဖို့ စဥ်းစားဖို့လိုတယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် မြန်မာရွှေ့ပြောင်းလုပ်သားများသည် ထိုင်းအစိုးရ၏ သတ်မှတ်ချက်အတိုင်း တရားဝင် အထောက်အထားများ ရရှိရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေကြသော်လည်း လက်တွေ့တွင် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း ကိုနိုင်အောင်အောင်က ဆက်ပြောသည်။

အထူးသဖြင့် စက်ရုံနှင့် လုပ်ငန်းခွင်အချို့တွင် တရားမဝင်လုပ်သားများကို လုပ်ခလစာ အပြည့် အဝမပေးခြင်း၊ အထောက်အထားစာရွက်စာတမ်းများ ပြုလုပ်မပေးခြင်းတို့ရှိနေသည့်အပြင် နှစ်စဉ်ပြုလုပ်ရသည့် ပန်းရောင်ကတ်နှင့် CI (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) စာအုပ်များ ပြုလုပ်ရာတွင်လည်း ကုန်ကျစရိတ် မြင့်မားမှုများရှိနေကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ထောက်ပြသည်။

“CI စာအုပ်လုပ်တဲ့နေရာမှာ ကုန်ကျစရိတ် အရမ်းများတာ၊ အလုပ်ရှင်က လုပ်မပေးတာ၊ သတ်မှတ်ဈေးထက် ပိုပေးနေရတာတွေအပြင် ပွဲစားတွေ လိမ်တာနဲ့ Blacklist စာရင်းဝင်နေလို့ စာအုပ်လုပ်မရတာမျိုးတွေပါ ကြုံနေရတယ်” ဟု ကိုနိုင်အောင်အောင်က ဖြည့်စွက်ပြောဆိုသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က ထိုင်းရဲချုပ်သည် နိုင်ငံတစ်ဝှမ်းရှိ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများကို (၃) လအတွင်း အထူးစစ်ဆေးဖမ်းဆီးရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ထိုအမိန့်အရ ရွှေ့ပြောင်းလုပ်သားများ နေထိုင်ရာနေရာများနှင့် လူစုလူဝေးရှိရာ နေရာများကို ပိုမိုစစ်ဆေးမည်ဖြစ်သောကြောင့် အထောက်အထား အခက်အခဲရှိနေသည့် မြန်မာလုပ်သားများအကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးတစ်ဦးက “အထောက် အထားမပြည့်စုံသေးသူတွေအတွက် ဒါမှမဟုတ် အထောက်အထားလျှောက်ထားနေ ဆဲသူတွေအတွက်/မရှိတဲ့သူတွေအတွက် သွားလာရေး၊ အလုပ်အကိုင်နှင့် ကျန်းမာရေးဝန်ဆောင်မှုများရရှိရေးမှာ ပိုမိုခက်ခဲလာနိုင်တယ်။ ရွှေ့ပြောင်းမြန်မာတွေအတွက် စားဝတ်နေရေးအပြင် စိတ်ပိုင်းဆိုင်ရာအခြေအနေများအပေါ် မှာလည်း သက်ရောက်မှုရှိနိုင်တယ်။”ဟု ပြောသည်။

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (Work Permit) ရရှိထားသည့် ရွှေ့ပြောင်း အလုပ်သမား ၃.၃ သန်းခန့်ရှိသည့်အနက် မြန်မာနိုင်ငံသား ၂.၃ သန်းကျော်ဖြင့် အများဆုံး ပါဝင်နေသည်ဟု ဖော်ပြထားသည်။

တစ်ဖက်တွင် အကြောင်းအမျိုးမျိုးကြောင့် တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်နေရသည့် မြန်မာနိုင်ငံ သားအရေအတွက်မှာ ၁ သန်းမှ ၁.၅ သန်းဝန်းကျင်အထိ ရှိနိုင်ကြောင်းလည်း ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ခန့်မှန်းထားကြသည်။